ရေကြည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ယာဉ်တိုက်မှုနဲ့ အမှုဖွင့်ခံရ

ရေကြည်၊ ဇွန် ၇ – ၂၀၁၉

ကိုအောင်(VOM)

 

မနေ့ နေ့လည်ပိုင်းက ပုသိမ်မြို့နယ်  တဲကြီးကုန်းလမ်းမမှာ ရေကြည်မြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့် ကိုယ်တိုင် မောင်းနှင်လာတဲ့ကားနဲ့ တိုက်မိလို့ အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့အတွက် ဦးမျိုးညွန့်ကို ပုသိမ်မြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။

 

ဦးမျိုးညွန့် မောင်းလာတဲ့  ford အမျိုးအစား အနက်ရောင်ကားဟာ  ပုသိမ်မြို့ထဲက” နိုက်တင်ဂေး” လ္ဘက်ရည်ဆိုင်ရှေ့အရောက်မှာ လမ်းညာဘက်ခြမ်းမှာ ရပ်ထားတဲ့ အဖြူရောင်ကားတစ်စီးကို ၀င်တိုက်မိပြီးနောက် အမျိုးသား ၂ ဦးစီးလာတဲ့ ဆိုင်ကယ်ကို ထပ်မံဝင်တိုက်မိခဲ့လို့ တစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

 

“ယာဉ်တိုက်ခံမှုဖြစ်ပွားတာတော့ မှန်ပါတယ်။ ကားတစ်စီးကိုအရင်တိုက်တယ်၊ ပြီးတော့ လမ်းဘေးက စပြီးမောင်လာတဲ့ ဆိုင်ကယ်တစ်စီးကို ထပ် တိုက်မိတာ။ ဆိုင်ကယ်မောင်းတဲ့ သူကတော့ စိုးရိမ်ရတယ်။  ဖြစ်စဉ်နဲ့ပတ်သက်လို့ သူ့ကို ဥပဒေအရ အရေးယူဆောင်ရွက်ထားပါတယ်။”လို့  တိုင်းရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

 

ဒဏ်ရာရရှိတဲ့ သူတွေကို ပုသိမ်ဆေးရုံကြီးမှာ ပို့ဆောင်ခဲ့သလို ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ ကားနဲ့ဆိုင်ကယ်တွေမှာလည်း ပျက်စီးမှု အခြေအနေဆိုးရွားတာကြောင့် ကရိန်းကားနဲ့ သယ်ထုတ်ရတယ်လို့ သိရပါတယ်။

 

ယာဉ်တိုက်မှုဖြစ်ပွားစဉ်နဲ့ပတ်သက်ပြီး  ဦးမျိုးညွန့်ကို ပုသိမ်မြို့မရဲစခန်းမမှာ ယာဉ်(ပ) ၃၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ နဲ့ အမှုဖွင့်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့  တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

 

#voiceofmyanmar # ရေကြည်မြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ်ယာဉ်တိုက်မှုနဲ့ အမှုဖွင့်ခံရ # ရေကြည် #

Related posts

Leave a Comment

VOM News

FREE
VIEW