လက်ပံတန်း၊ ဇွန် ၂၇ – ၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ရန်ကုန်-ပြည်ကားလမ်းဘေးက ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း တည်ထားတဲ့စေတီတော်တွေက စိန်ဖူးတော်တွေ ခိုးယူသွားသူကို သာယာဝတီမြို့မရဲစခန်းနဲ့ လက်ပံတန်း မြို့မရဲစခန်းတို့ ပူးပေါင်းပြီး စုံစမ်းရှာဖွေရာမှာ တစ်ရက်အတွင်း ဖမ်းမိခဲ့တယ်လို့ လက်ပံတန်း မြို့မရဲစခန်းက သိရပါတယ်။
“တရားခံကို စုံစမ်းတဲ့အချိန်မှာ သာယာဝတီ မြို့နယ် ရန်ကုန် -ပြည်ကားလမ်းမပေါ် ဂုံမင်းမြှောင်ကျေးရွာအနီးမှာ လူတစ်ယောက်ကို မသင်္ကာစရာအထုတ်တွေနဲ့ တွေ့လို့ စစ်ဆေးကြည့်လိုက်တော့ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့ သိရိမင်္ဂလာရပ်ကွက်နေ အသက် ၃၅ နှစ်ရှိတဲ့ အောင်အောင်(ခ)သန်းထိုက်ကို စိန်ဖူးတော်၊ ဘုရားပ္စည်းတွေနဲ့ အတူမိတာပါ။”လို့ လက်ပံတန်း မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြော ပါတယ်။
ချမ်းသာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း တည်ထားတဲ့ လာဘမုနိ ကမ္ဘာ့ချမ်းသာရစေတီတော်နဲ့ ချမ်းသာကုန်းဘုန်းကြီးကျောင်းစေတီတော်၊ ကွမ်းခြံကုန်းအုပ်စုမှ စေတီတော်၊ ကျေးနီကျေးရွာရှိ ကိုးနဝင်းကပ်ကျော် စေတီတော်တွေက ဘုရားစိန်ဖူးတော် တစ်လုံး၊ အရံစေတီတော်တွေက စိန်ဖူးတော်၂၄ လုံး၊ တံခွန်တိုင်မှ စိန်ဖူးတော် ၅ လုံး ဇွန် ၂၅ ရက်က တစ်နေ့တည်း ခိုးယူခံခဲ့ရတာ ဖြစ်ပါတယ်။
“လူတစ်ယောက်အရူးပုံစံနဲ့ လက်နဲ့လည်ပင်းတွေမှာ ပုတီးတွေပတ်ထားပြီး အင်္ကျီအဝါ၊ ဘောင်းဘီတိုအစုတ်၊ အသားညိုညို ဆံပင်ရှည်ရှည်နဲ့ မနေ့ကနေ့လည် ၃နာရီဝန်းကျင်မှာ ဘုန်းကြီးကျောင်းထဲဝင်လာပြီး သန့်ရှင်းရေးလုပ်နေတယ်။ ဥပဇ္ဖင်းကလည်း သန့်ရှင်းရေးလုပ်နေတော့ ဘာမှမပြောတော့ဘူး။ လေးနာရီခွဲလောက်ကျတော့ အဲ့ဒီ အရူးပုံစံလူကို မတွေ့ရတော့ဘူး။ အဲ့ဒီ အချိန်မှာ စိန်ဖူးတော်ပျောက်တာ မသိသေးဘူး။ ညနေ ၅ နာရီကျော်မှာ ဘုရားမီးထွန်းတော့မှ စိန်ဖူးတော် ပျောက်မှန်းသိရတာပါ။”လို့် ဆရာတော် ဦးပညာစာရရဲ့မိန့်ကြားချက်ကို တကာဖြစ်သူ ဦးမှတ်ကြီးက ပြန်လည်ပြောဆိုပါတယ်။
ဒါကြောင့် ကွမ်းခြံကုန်းအုပ်စု၊ ကျေးနီရွာ ဘုရားဂေါပက ဦးမင်းမင်းဟိန်းက ခိုးယူသွားသူကို စုံစမ်းဖော်ထုတ်ပေးဖို့ လက်ပံတန်းမြို့မရဲစခန်းမှာ တရားလိုပြုလုပ်တိုင်တန်းရာ (ပ)၃၇၇/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ၂၉၅/၃၇၉ နဲ့ အမှုဖွင့် ဆောင်ရွက်ထားခဲ့တယ်လို့ လက်ပံတန်း မြို့မရဲစခန်းက သိရပါတယ်။
တရားခံအဖြစ် ယူဆရသူမှာ သာယာဝတီမြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သတင်းအရ လက်ပံတန်းမြို့မရဲစခန်းနဲ့ သာယာဝတီမြို့မရဲစခန်းတို့ ပူးပေါင်းစုံစမ်းရာ မနေ့ ည ၇ နာရီအချိန်က အမျိုးသားတစ်ဦးကို စိန်ဖူးတော် ဆိုဒ်စုံ ၇၆ လုံး ဟင်္သာနှုတ်သီးစွဲ ရွှေရောင်သတ္တုဘောလုံး ၇ လုံး၊ ဉာဏ်တော် ၅ လက်မရှိရွှေရောင်ကျောက်ဆင်းတုတော် တစ်ဆူ၊ ဉာဏ်တော် ၄ လက်မခွဲခန့်ရှိ မဟာမြတ်မုနိ ပုံတော် ဖန်ဘုရားတစ်ဆူ၊ မဟာမြတ်မုနိပုံတော် ချိုင့်ခွက်ပါ ဖန်ဘုရားတစ်ဆူ၊ ဉာဏ်တော်သုံးလက်မခန့်ရှိ ကျိုက်ထီရိုးပုံစံ ဖိုက်ဘာရွှေရောင်ဆင်းတုတော်တစ်ဆူ၊ ငွေရောင် သောက်တော်ရေဖလား သုံးခွက်၊ ငွေဖလား အကြီးတစ်လုံး၊ ဘုရားပန်းအိုး နှစ်လုံး၊ စိုက်မျိုးစုံ ဂွတွေ၊ ဓား၊ အော်တိုမစ်တစ် လျှပ်စစ်ကြိုးခွေတွေနဲ့ ဘုရားနဲ့ပတ်သက်တဲ့ပစ္စည်းတွေ ဖမ်းမိခဲ့တယ်လို့ လက်ပံတန်း မြို့မရဲစခန်းက သိရပါတယ်။
#voiceofmyanmar # လက်ပံတန်းမြို့နယ်မှာ ဘုရားစေတီတွေက စိန်ဖူးတော်တွေ ခိုးသူကို ဖမ်းမိ #ပဲခူး # သာယာဝတီ #လက်ပံတန်း