လက်ပံတန်းမြို့နယ်မှာ ဘုရားစေတီတွေက စိန်ဖူးတော်တွေ ခိုးသူကို ဖမ်းမိ

လက်​ပံတန်း၊ ဇွန်​ ၂၇ – ၂၀၁၉

မိုးယံ(VOM)

ပဲခူးတိုင်း သာယာဝတီခရိုင်​ လက်​ပံတန်းမြို့နယ်​ ရန်​ကုန်​-ပြည်​ကားလမ်း​ဘေးက ဘုန်း​တော်​ကြီး ​ကျောင်းဝန်းအတွင်း ​တည်ထားတဲ့စေတီ​တော်​တွေက စိန်​ဖူး​တော်​တွေ ခိုးယူသွားသူကို သာယာဝတီမြို့မရဲစခန်းနဲ့ လက်​ပံတန်း မြို့မရဲစခန်းတို့ ပူး​ပေါင်းပြီး စုံစမ်းရှာဖွေရာမှာ တစ်ရက်အတွင်း ဖမ်းမိခဲ့တယ်​လို့ လက်​ပံတန်း မြို့မရဲစခန်းက သိရပါတယ်​။

 

“တရားခံကို စုံစမ်းတဲ့အချိန်မှာ သာယာဝတီ မြို့နယ် ရန်ကုန် -ပြည်ကားလမ်းမပေါ် ဂုံမင်းမြှောင်ကျေးရွာအနီးမှာ လူတစ်ယောက်ကို မသင်္ကာစရာအထုတ်တွေနဲ့ တွေ့လို့ စစ်ဆေးကြည့်လိုက်တော့ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့ သိရိမင်္ဂလာရပ်ကွက်နေ အသက် ၃၅ နှစ်ရှိတဲ့ အောင်အောင်(ခ)သန်းထိုက်ကို စိန်ဖူးတော်၊ ဘုရားပ္စည်းတွေနဲ့ အတူမိတာပါ။”လို့ လက်ပံတန်း မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြော ပါတယ်။

 

ချမ်းသာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း တည်ထားတဲ့ လာဘမုနိ ကမ္ဘာ့ချမ်းသာရစေတီတော်နဲ့  ချမ်းသာကုန်းဘုန်းကြီးကျောင်းစေတီတော်၊ ကွမ်းခြံကုန်းအုပ်စုမှ စေတီတော်၊ ကျေးနီကျေးရွာရှိ ကိုးနဝင်းကပ်ကျော် စေတီတော်တွေက ဘုရားစိန်ဖူးတော် တစ်လုံး၊ အရံစေတီတော်တွေက စိန်ဖူးတော်၂၄ လုံး၊ တံခွန်တိုင်မှ စိန်ဖူးတော် ၅ လုံး ဇွန် ၂၅ ရက်က တစ်နေ့တည်း ခိုးယူခံခဲ့ရတာ ဖြစ်ပါတယ်။

 

“လူတစ်​​ယောက်​အရူးပုံစံနဲ့ လက်​နဲ့လည်​ပင်း​တွေမှာ ပုတီး​တွေပတ်​ထားပြီး အင်္ကျီအဝါ၊ ​ဘောင်းဘီတိုအစုတ်၊ ​ အသားညိုညို ဆံပင်​ရှည်​ရှည်​နဲ့ မ​နေ့က​နေ့လည်​ ၃နာရီ​ဝန်းကျင်​မှာ ဘုန်းကြီး​ကျောင်းထဲဝင်​လာပြီး သန့်​ရှင်း​ရေးလုပ်​​နေတယ်​။ ဥပဇ္ဖင်းကလည်း သန့်​ရှင်း​ရေးလုပ်​​နေ​တော့ ဘာမှမ​ပြော​တော့ဘူး။ လေးနာရီခွဲ​လောက်​ကျတော့ အဲ့ဒီ အရူးပုံစံလူကို မ​တွေ့ရ​တော့ဘူး။ အဲ့ဒီ အချိန်​မှာ​ စိန်​ဖူး​တော်​​ပျောက်​တာ မသိ​သေးဘူး။ ည​နေ ၅ နာရီကျော်​မှာ ဘုရားမီးထွန်း​တော့မှ စိန်​ဖူး​တော်​ ​ပျောက်​မှန်းသိရတာပါ။”လို့်​ ဆရာတော် ဦးပညာစာရရဲ့မိန့်ကြားချက်ကို  တကာဖြစ်​သူ ဦးမှတ်​ကြီးက​ ပြန်လည်ပြောဆိုပါတယ်​။

 

ဒါကြောင့် ကွမ်းခြံကုန်းအုပ်​စု​၊ ကျေးနီရွာ ဘုရား​ဂေါပက ဦးမင်းမင်းဟိန်းက ​ ခိုးယူသွားသူကို စုံစမ်း​ဖော်ထုတ်ပေးဖို့ လက်​ပံတန်းမြို့မရဲစခန်းမှာ တရားလိုပြုလုပ်​တိုင်​တန်းရာ (ပ)၃၇၇/၂၀၁၉ ရာဇသတ်​ကြီး ပုဒ်​မ၂၉၅/၃၇၉ နဲ့ အမှုဖွင့် ဆောင်​ရွက်​ထား​ခဲ့တယ်လို့ လက်​ပံတန်း မြို့မရဲစခန်းက သိရပါတယ်​။

 

တရားခံအဖြစ်​ ယူဆရသူမှာ သာယာဝတီမြို့နယ်​ဘက်​ကို ထွက်​​ပြေးတိမ်း​ရှောင်​သွားတယ်​လို့ သတင်းအရ လက်​ပံတန်းမြို့မရဲစခန်းနဲ့ သာယာဝတီမြို့မရဲစခန်းတို့ ပူး​ပေါင်းစုံစမ်းရာ မ​နေ့ ည ၇ နာရီအချိန်က အမျိုးသားတစ်​ဦးကို  စိန်​ဖူး​တော်​ ဆိုဒ်​စုံ ၇၆ လုံး ဟင်္သာနှုတ်​သီးစွဲ​ ရွှေ​ရောင်​သတ္တု​ဘောလုံး ၇ လုံး၊ ဉာဏ်​​တော်​ ၅ လက်မရှိ​ရွှေ​ရောင်​​ကျောက်​ဆင်းတု​တော်​ တစ်​ဆူ၊ ဉာဏ်​​တော်​ ၄ လက်မခွဲခန့်​ရှိ မဟာမြတ်​မုနိ ပုံ​တော်​ ဖန်​ဘုရားတစ်​ဆူ၊ မဟာမြတ်​မုနိပုံ​တော်​ ချိုင့်​ခွက်​ပါ ဖန်​ဘုရားတစ်​ဆူ၊ ဉာဏ်​​တော်​သုံးလက်မခန့်​ရှိ ကျိုက်​ထီရိုးပုံစံ ဖိုက်​ဘာ​ရွှေ​ရောင်​ဆင်းတု​တော်​တစ်​ဆူ၊ ​ငွေ​ရောင်​​ သောက်​​တော်​​ရေဖလား သုံးခွက်​၊ ​ငွေဖလား အကြီးတစ်​လုံး၊ ဘုရားပန်းအိုး နှစ်​လုံး၊ စိုက်​မျိုးစုံ ဂွတွေ၊ ဓား၊ ​အော်​တိုမစ်​တစ်​ လျှပ်​စစ်​ကြိုး​ခွေတွေနဲ့  ဘုရားနဲ့ပတ်​သက်​တဲ့ပစ္စည်းတွေ ဖမ်းမိခဲ့တယ်​လို့ လက်​ပံတန်း မြို့မရဲစခန်းက​ သိရပါတယ်​။

 

#voiceofmyanmar # လက်ပံတန်းမြို့နယ်မှာ ဘုရားစေတီတွေက စိန်ဖူးတော်တွေ ခိုးသူကို ဖမ်းမိ #ပဲခူး # သာယာဝတီ #လက်ပံတန်း

Related posts

Leave a Comment

VOM News

FREE
VIEW