ပုသိမ်ခရိုင်တရားရုံးမှာ အကျဉ်းသားကို ဝင်ရောက်လုယူမှုဖြစ်ပွားခဲ့

ပုသိမ်၊ ဇွန် ၂၈ – ၂၀၁၉

ကိုအောင်(VOM)

 

ဧရာဝတီတိုင်း ပုသိမ်ခရိုင်တရားရုံးမှာ မနေ့ ဇွန် ၂၇ ရက် ညနေပိုင်းက မူးယစ်မှုနဲ့ တရားရင်ဆိုင်နေတဲ့ ဖခင်ဖြစ်သူကို သားဖြစ်သူတွေနဲ့ ကူညီသူတစ်ဦးက ဝင်ရောက်လုယူမှု ဖြစ်ပွားခဲ့ပါတယ်။

 

မူးစိတ်ပုဒ်မ ၁၉ (က)နဲ့ တရားရင်ဆိုင်နေရတဲ့ အသက် ၅၂ နှစ်အရွယ် ဦးမြင့်ဦးကို ပုသိမ်ခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးအပြီး ပုသိမ်ထောင်ကိုပြန်ပို့တော့မယ့်အချိန် ညနေ ငါးနာရီကျော်မှာ လုယူမှု ဖြစ်ပွားခဲ့တာပါ။

 

“တရားခံ လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တစ်ယောက်ကို ကျဉ်စက်နဲ့ တို့လိုက်တယ်။ တို့လိုက်တော့ တပ်ဖွဲ့ဝင်က လဲတဲ့အချိန် တရားခံက ထွက်ပြေးဖို့ ကြိုးစားတယ်။ အဲ့မှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးတဲ့အခါမှာ ဖမ်းဆီးရမိတာပေါ့။”လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

 

ဖြစ်စဉ်မှာ ရုံးထုတ်တာဝန်ခံ အရာရှိ ဒုရဲအုပ် ဇင်မင်းသူ ဦးစီးပြီး ရဲတပ်ကြပ်ကြီးမြင့်လွင်၊ ရဲဒုတပ်ကြပ် ရဲထက်အောင်တို့က တရားခံကို လက်ထိပ်သံကြိုးခိုင်လုံစွာနဲ့ ခရိုင်တရားရုံးအချုပ်သို့ ပြန်လည်ပို့ဆောင်ဖို့ ထွက်အလာ  တရားရုံး လျှောက်လမ်းပေါ်(တရားသူကြီးနားနေခန်းအရှေ့)မှာ အကျဉ်းသားရဲ့ပုခုံးကို ဖက်ခေါ်လာတဲ့ ရဲဒုတပ်ကြပ် ရဲထက်အောင်ရဲ့ လည်ဂုတ်ကို အမျိုးသားတစ်ဦးက ကျင်စက်နဲ့တို့လိုက်ပါတယ်။

 

အဲဒီနောက် ရဲဒုတပ်ကြပ် ရုတ်တရက် လဲကျသွားစဉ် အကျဉ်းသားက သံကြိုးကိုင်ထားတဲ့ ရဲတပ်ကြပ်ကြီး မြင့်လွင်ထံက ရုန်းထွက်ပြေးဖို့ကြိုးစားရာ ရဲတပ်ကြပ်ကြီးက ထွက်ပြေးမရအောင် လုံးထွေးထိန်းသိမ်းခဲ့ပါတယ်။

 

ကျင်စက်နဲ့တို့သူကတော့ တရားရုံးပေါက်ဘက်ထွက်ပြေးသွားတဲ့အတွက် ဒုရဲအုပ်ဇင်မင်းသူနဲ့ ရဲတပ်ဖွဲ့တို့ လိုက်လံဖမ်းဆီးခဲ့ရာမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

 

ကျင်စက်နဲ့တို့သူ ကိုဇော် (၄၇ နှစ်)ကို ချက်ချင်းဖမ်းဆီးနိုင်ခဲ့တဲ့အတွက် စစ်ဆေးမေးမြန်းရာမှာ တရားရုံးပေါက်မှာ ဆိုင်ကယ်နဲ့ အသင့်စောင့်နေတဲ့ အကျဉ်းသား မြင့်ဦးရဲ့ သားကြီးဖြစ်သူ နေလှိုင်ထွန်း (၃၂ နှစ်)နဲ့ တရားရုံးနဲ့ပေငါးဆယ်လောက်အကွာမှာ ကားနဲ့စောင့်နေတဲ့ အကျဉ်းသားရဲ့သားအလတ် ရာဇာဟိန်းထက် (၂၀ နှစ်)တို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အကျဉ်းသား၊လုယူဖို့ကြိုးစားသူကိုဇော်နဲ့ နှစ်ဦးကို (ပ)၄၂၆ ရာဇသတ်ကြီးပုဒ်မ ၃၉၇/၃၃၃/၂၂၅/၁၁၄ တို့နဲ့ ပုသိမ်မြို့မရဲစခန်းမှာ အမှုဖွင့် ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar # ပုသိမ်ခရိုင်တရားရုံးမှာအကျဉ်းသားကိုလုယူမှုဖြစ်ပွားခဲ့ # ဧရာဝတီ #ပုသိမ်#

Related posts

Leave a Comment

VOM News

FREE
VIEW