မန္တလေးမှာ ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတနဲ့ ဌာနဆိုင်ရာများ တွေ့ဆုံပွဲမှာ တိုင်ကြားစာ ခုနစ်စောင် လက်ခံရရှိ

မန္တလေး၊ သြဂုတ် ၂ -၂၀၁၉

ရဲရင့်မင်းခန့် (VOM)

 

မန္တလေးမြို့မှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဌာနဆိုင်ရာများတွေ့ဆုံပွဲမှာ တိုင်ကြားစာခုနစ်စောင် လက်ခံရရှိထားတယ်လို့ အဲဒီပွဲက သိရပါတယ်။

 

ဒီနေ့  သြဂုတ် ၂ ရက် မနက်  ၁၀  နာရီလောက်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်  သိပ္ပံလမ်းပေါ်ရှိ MCC  (CONVENTION  CENTRE)မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာတို့ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဲဒီပွဲမှာ ဒေသခံပြည်သူများ တင်ပြတိုင်ကြားနိုင်ဖို့  တိုင်ကြားစာဌာနကို ဖွင့်လှစ်ခဲ့ပါတယ်။

 

“ကျနော်တို့အနေနဲ့တိုင်ကြားစာဌာနကို မနက် ၇ နာရီ အချိန်ကတည်းကနေ ဖွင့်လှစ်ခဲ့တာပါ။ လက်ရှိမှာတော့ တိုင်ကြားစာခုနစ်ခု ရရှိထားပါတယ်။” လို့ တိုင်ကြားစာလက်ခံဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

 

အဲဒီတိုင်ကြားစာတွေမှာ မန္တလေးတိုင်းအတွင်းက တိုင်ကြားမှု အများဆုံးဖြစ်ပြီး  ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲဒေသက တိုင်ကြားမှုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

 

“ဒီနေ့ သမ္မတကြီးဦးဝင်းမြင့် လာတယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်။ ကျမတို့ရဲ့ မြေယာနဲ့ပတ်သက်ပြီး တရားရုံးတွေကနေ ဆုံဖြတ်တာကို မကျေနပ်လို့ အခုလို  သမ္မတကြီးရဲ့ ခရီးစဉ်မှာ လာပြီးတိုင်ကြားတာပါ။”လို့  မန္တလေးမြို့နေ ဒေါ်ခင်စန်းဝင်းက ပြောပါတယ်။

 

#voiceofmyanmar #မန္တလေး #နိုင်ငံတော်သမ္မတနဲ့ဌာနဆိုင်ရာများတွေ့ဆုံ #တိုင်ကြားစာ

Related posts

✕
VOM News

FREE
VIEW