စစ်ကိုင်းတိုင်းလူမှုဝန်ထမ်းဦးစီးဌာနက  အသက် ၈၅ နှစ်နဲ့အထက် အဖိုးအဖွားတွေ စာရင်းကောက်ယူနေ။

အောက်တိုဘာ ၂၁ ၂၀၁၈

ဗျဂ္ဃ (Voice of Myanmar)

၂၀၁၄ ခုနှစ်က အတည်ပြုပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာအရ အသက် ၉၀ နှစ်နဲ့အထက် အဖိုးအဖွားတွေကို လူမှုရေးပင်စင်အဖြစ် ၁ လကို ၁သောင်းကျပ်နဲ့ ၃ လတစ်ကြိမ် ထောက်ပံ့မှုတွေကို ပြီးခဲ့တဲ့နှစ်ကစတင်ကာ ဆောင်ရွက်ခဲ့တာပါ။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်က စတင်ကာ နောက်ထပ်အနေနဲ့ အသက် ၈၅ နှစ်အထိ လျော့ချလိုက်ပြီး ၃ လပြည့်ချိန် ဒီဇင်ဘာလမှာ ထောက်ပံ့ကြေးပေးအပ်နိုင်အောင် မြို့နယ်အလိုက် စာရင်းကောက်ယူတာတွေ ပြုလုပ်နေတယ်လို့ စစ်ကိုင်းတိုင်း လူမှုဝန်ထမ်းဦးစီးဌာနကသိရပါတယ်။

“အခုဆို ၈၅ နှစ်အထိ လျော့ချလိုက်တဲ့အတွက် ပိုပြီးတော့ များလာမှာဖြစ်ပါတယ်။ ဒါကိုလည်းမြို့နယ်အလိုက် ကိုယ်ရေးရာဇဝင်၊ မှတ်ပုံတင်မိတ္တူ စတာတွေကို အရင်ပုံအတိုင်း ပြန်လည်ကောက်ခံနေပါတယ်။ တချို့မြို့နယ်တွေတော့ ရနေပါပြီ။ တချို့ ဝေးတဲ့မြို့နယ်တွေ ဘာတွေကတော့ ကောက်နေတုန်း။ တချို့ရထားတာတွေကိုလည်း စိစစ်တာတွေ လုပ်နေပါတယ်။”လို့ တိုင်းလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှုး ဒေါ်သိန်းသိန်းမြင့်က ပြောပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ  လူမှုဝန်ထမ်းဦးစီးဌာနကနေ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ် ၃၇ မြို့နယ်မှာရှိတဲ့ အသက် ၉၀ နှစ်နဲ့အထက် အဖိုးအဖွား ၁ လလျှင် ၁ ဦး ၁သောင်းကျပ်နှုန်းနဲ့ ၃ လတဖြတ် ၃ သောင်းနှုန်းနဲ့ ထောက်ပံ့ခဲ့တာ ၅၁၈၁ ဦးထောက်ပံ့ပေးခဲ့တယ်။ နိုင်ငံတော် ဘက်ဂျက်ကနေ  ၅၅.၄၃ သန်းထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ အခု ပြီးခဲ့တဲ့ ၆ လဘက်ဂျက်မှာတော့ ၅၂၁၁ ဦးကို ၃၂၀.၄၉ ကျပ်သန်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း လူမှုဝန်ထမ်းဦးစီးဌာနကနေ လူမှုရေးပင်စင်အပြင် အကြမ်းဖက်ခံရသူတွေ၊ လူကုန်ကူးခံရသူတွေ၊ ကိုယ်ဝန်ဆောင်နှင့် ၂ နှစ်အောက်ကလေးတွေ၊ မူကြိုကျောင်းတွေ၊ မှတ်ပုံတင်ထားတဲ့ ပရဟိတအသင်းအဖွဲ့တွေ၊ ဂေဟာတွေ၊ ရိပ်သာတွေ၊ မသန်စွမ်းတွေကိုလည်း ထောက်ပံ့ပေးတာတွေရှိနေပြီး ပြီးခဲ့တဲ့ ကာလတိုဘက်ဂျက်အတွင်း ကျပ်သန်းပေါင်း ၈၇၁.၆၁၆ ကျပ်သန်း ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့လည်း လူမှုဝန်ထမ်းဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။

#voiceofmyanmar #စစ်ကိုင်း#မုံရွာ#လူမှုရေးပင်စင်

 

Related posts

Leave a Comment

VOM News

FREE
VIEW