အခြေခံပညာကျောင်းသားတွေ မှတ်ပုံတင်ရရှိရေး မုံရွာမြို့နယ်မှာ ကွင်းဆင်းပြုလုပ်ပေး

မုံရွာ နိုဝင်ဘာ ၆ ၂၀၁၈
ဗျဂ္ဃ (Voice Of Myanmar)

စစ်ကိုင်းတိုင်း မုံရွာမြို့၊ အထက ၄ မှာ မြို့နယ်လဝကတာဝန်ရှိသူတွေက အလယ်တန်းကနေ အထက်တန်းထိ ကျောင်းသားကျောင်းသူတွေကို နိုင်ငံသားစီစစ်ရေးကဒ်ရရှိရေးအတွက် သစ္စာစီမံချက်နဲ့ မှတ်ပုံတင်တွေ နိုဝင်ဘာလ ၆ ရက်နေ့က ပြုလုပ်ပေးနေပါတယ်။

မုံရွာတစ်မြို့နယ်လုံးမှာ ရှိတဲ့ အခြေခံပညာကျောင်း ၂၆ ကျောင်းကို ပြုလုပ်ပေးသွားမှာဖြစ်ပြီး လတ်တလောအထိ ကျောင်းသားကျောင်းသူ ၂၀၀၀ ကျော်ကို ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

“ရည်ရွယ်ချက်ကတော့ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကဒ်ကိုင်ဆောင်နိုင်ရေးအတွက်ပါ။ အခုလောလောဆယ်တော့ ကျောင်းတွေမှာ ကွင်းဆင်းပြီး လိုက်လုပ်ပေးနေပါတယ်။ ကျောင်းဖွင့်ချိန် ဇွန်၊ ဇူလိုင်ကတည်းက စခဲ့တာ။ ဒါပေမယ့် ကျောင်းဖွင့်ချိန်မှာ ကျောင်းတွေက ကျောင်းအပ်တာ ဘာညာနဲ့ အလုပ်ရှုပ်လို့ သြဂုတ်လမှ စတင်နိုင်တာ။ ကျောင်းသား ၅၀၀၀ ကျော်လောက်ရှိမယ်။ ကျန်တာတွေကိုလည်း စာမေးပွဲတွေမတိုင်ခင် အမြန်ဆုံးလုပ်ပေးသွားမှာပါ။”လို့မြို့နယ် လဝက တာဝန်ရှိသူက ပြောပါတယ်။

ကျောင်းသားကျောင်းသူတွေကတော့ မှတ်ပုံတင်ရတော့မယ့်အပေါ်မှာ ပျော်ရွှင်နေကြပါတယ်။ မှတ်ပုံတင်ကို One Stop Service ပုံစံမျိုးတော့မဟုတ်ဘဲ ဖောင်တွေ ပြန်ဖြည့်သွင်းရတာတွေရှိလို့ ၁၅ ရက်လောက်တော့ ကြာတယ်လို့ဆိုပါတယ်။ လက်ရှိအချိန်ထိ မြို့ပေါ်မှာ အထက ၃၊ ၄၊ ၆၊ လယ်ဇင်အထကတို့မှာ ပြုလုပ်ပေးခဲ့ပြီး ကျန်နေတဲ့ ကျောင်းတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW