ဒေါ်အောင်ဆန်းစုကြည်ကိုပေးထားတဲ့ လူ့အခွင့်အရေးမြင့်ဆုံးဆု AI ရုပ်သိမ်း

 

လန်ဒန်၊ နိုဝင်ဘာ-၁၃- ၂၀၁၈
မျိုးဆက် (VOM)

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကပေးအပ်ထားတဲ့ အမြင့်ဆုံးလူ့အခွင့် အရေးဆုဖြစ်တဲ့ ယုံကြည်ချက်ကို အစဉ် စွဲကိုင်ထားသူ (Ambassador of Conscience Award) ဆုကို နိုဝင်ဘာ ၁၂ ရက်က ရုပ်သိမ်းလိုက်ပါတယ်။

၂၀၀၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရစဉ်က အဆိုပါဆုကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပေးအပ်ခဲ့တာဖြစ်ပြီး ရှစ်နှစ်အကြာမှာ ပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။

သူမအနေနဲ့ လူ့ခွင့်အရေး ကာကွယ်မြင့်တင်ရေးရဲ့ ပြယုဂ်တစ်ခုမဟုတ်တော့ဘူးလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောဆိုလိုက်ပြီး ဘင်္ဂါလီဒုက္ခသည်အရေးမှာ လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်ပြောဆိုမှုမရှိဘဲ နှုတ်ဆိတ်နေတဲ့အတွက် ဝေဖန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မျှော်လင့်ခြင်း၊ ခွန်အားသတ္တိနဲ့ လူ့အခွင့်အရေး ကာကွယ်ရေးရဲ့ ပြယုဂ် မဟုတ်တော့ဘူးလို့ နိုင်ငံတကာလွတ်ချမ်းသာခွင့်အဖွဲ့အကြီးအကဲ ကူမီနိုင်ဒူးက ဆုရုပ်သိမ်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံ နိုဝင်ဘာ ၁၁ ရက်က ပေးပို့ခဲ့စာမှာ ရေးထားတယ်လို့ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုလည်း ထိန်းချုပ်ဖို့ကြိုးစားနေလို့လည်း စိတ်ပျက်မိကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဝေဖန်ပြောဆိုပါတယ်။

#voiceofmyanmar #ဒေါ်အောင်ဆန်းစုကြည် #နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့#လူ့အခွင့်အရေးမြင့်ဆုံးဆု

Ref: BBC/ UPI
Photo: UPI

Related posts

Leave a Comment

VOM News

FREE
VIEW