ကသာ-ဗန်းမော် မီးရထားလမ်းဖောက်စဉ်က ပါဝင်ခဲ့တဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးငွေပေးမည်။

ကသာ – နိုဝင်ဘာ ၁၄၊ ၂၀၁၈

မောင်တာရာ

 

စစ်ကိုင်းတိုင်း ကသာ-ဗန်းမော် မီးရထားလမ်းဖောက်ရေးစီမံကိန်းအတွင်း သိမ်းဆည်းခံခဲ့ရတဲ့ မြေယာတွေအတွက် လျော်ကြေးငွေများ ပြန်လည် ပေးအပ်သွားမယ်လို့ ကသာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း ပြောပါတယ်။

ကသာ-ဗန်းမော် မီးရထားလမ်းကို ၂၀၀၇ -၂၀၀၈ ခုနှစ်က ဖောက်လုပ်ခဲ့ပြီး ဖောက်လုပ်စဉ်အခါက ကျေးရွာအုပ်စု ၆ အုပ်စုက တောင်သူ ၁၈၇ ဦးရဲ့လယ်ယာမြေစုစုပေါင်း (၃၀၃ ဒသမ ၂၀ )ဧက ပါဝင်ခဲ့ပါတယ်။

အဲဒီ လယ်ယာမြေတွေ အတွက် ယခုအခါမှာတော့ မြန်မာ့မီးရထားက လျော်ကြေးငွေတွေ ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

”၂၀၀၇ -၂၀၀၈ တုန်းကဆိုတော့ အာဏာရှင်ခေတ် ဆိုတော့ ပြည်သူတွေက ရင်မဖွင့်ခဲ့ရဘူးပေါ့နော်၊ အာဏာရှင်ခေတ်မှာ ဖောက်လုပ်ခဲ့တဲ့ အတွက် ပြည်သူတွေက သူ့တို့ အခွင့်အရေးကို တောင်းဆိုလို့ မရခဲ့ဘူး။ ဒီဘက်ခေတ်မှာ သူတို့ရဲ့ နစ်နာမှုတွေကို လယ်ယာမြေ ဥပဒေ၊နည်းဥပဒေနဲ့ အညီထောက်ပံ ပေးဖို့  လွှတ်တော်ကိုယ်စားလှယ်များရုံးကို တင်ပြကြတယ်။  ဒါကို ကျွန်တော်တို့က ပြည်သူ့ကိုယ်စား လွှတ်တော်မှာ ဆွေးနွေးတင်ပြခဲ့တယ်။ မကြာခင် ရက်ပိုင်းမှာ နစ်နာကြေးများ ထောက်ပံပေးတော့မှာပါ တော်တော်များများလည်း နစ်နာကြေး ထောက်ပံကြေးတွေ ရရှိတော့မှာမို့ ဝမ်းသာပျော်ရွှင်နေကြပါတယ်” လို့ ကသာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း ပြောပါတယ်။

ကသာ-ဗန်းမော် မီးရထားလမ်းဖောက်စဉ်က ပါဝင်ခဲ့တဲ့ လယ်ယာမြေတွေအတွက် လယ်ယာမြေ ဥပဒေ၊နည်းဥပဒေနဲ့ အညီ ထောက်ပံကြေးများပေးအပ်ရန် အစီအစဉ် ရှိမရှိ ကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှာ ကြယ်ပွင့်ပြ မေးခွန်း အဖြစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်းက ကသာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက မေးမြန်းခဲ့ ပါတယ်။

အဲဒီလို မေးမြန်းမှုအပေါ် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေး မွေးမြူးရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက  လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ရဲ့  ရှင်းလင်းထောက်ခံ ချက်တွေနဲ့ အတူ နစ်နာဆုံးရှုံးခဲ့တဲ့ တောင်သူ တွေကို  လျော်ကြေးငွေတွေ ပြန်လည်ထောက်ပံပေးအပ်သွားမယ်လို့ဖြေကြားခဲ့ပါတယ်။

အဲဒီ ကိစ္စနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အတည်ပြုပြီး ဖြစ်တဲ့ အတွက် တောင်သူ ၁၈၇ ဦးရဲ့ သိမ်းဆည်းခံ လယ်ယာမြေစုစုပေါင်း (၃၀၃ ဒသမ ၂၀ )ဧက အတွက် လျော်ကြေးတန်းဖိုးငွေ ကျပ်သန်း ၅၄၇ ကျော် ကို  တောင်သူတွေထံ ပေးချေရန် မြန်မာ့မီးရထားက  စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW