စစ်တွေမြို့မှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု ပြုလုပ်

စစ်တွေ၊ ဒီဇင်ဘာ ၈-၂၀၁၈

ခိုင်လင်းစံ(VOM)

တစ်နိုင်ငံလုံးအတိုင်းအတာမှာ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု ထဝရဖဲကြိုးဖြူလှုပ်ရှားမှု ရုပ်ရှင်ပြပွဲတော်ကို  ဒီဇင်ဘာလ ၇ ရက်နေ့က စစ်တွမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားကို ရခိုင်ပြည်နယ်အတွင်း ကျင်းပပြုလုပ်ရတာဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ရှိနေပြီး အကြမ်းဖက်မှုဖြစ်စဉ်တွေအပေါ် ပြည်သူတွေလက်မခံဖို့နဲ့ အမျိုးသမီးတွေအတွက် အသိပညာပေးမှုတွေ ပြုလုပ်ရတာဖြစ်တယ်လို့ ဦးဆောင်ကျင်းပခဲ့တဲ့ ကျား/မ ရေးရာ တန်းတူညီမျှရေးကွန်ရက်က ဒေါ်နွယ်ဇင်ဝင်းက ပြောပါတယ်။

“ ဒီလှုပ်ရှားမှုကို ကျွန်မတို့ တစ်နိုင်ငံလုံးအတိုင်းအတာမှာ ပြုလုပ်နေတာဖြစ်ပါတယ်၊ အဓိကရည်ရွယ်တာကတော့ အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေကို ပြည်သူတွေအနေနဲ့ လက်မခံဖို့ရယ်၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုမှာ ထိရောက်တဲ့အရေးယူနိုင်ရေးအတွက် ဥပဒေတစ်ရပ်ထွက်ပေါ်လာဖို့ရယ် ဒါတွေအတွက် ဆွေးနွေးနေကြတာဖြစ်ပါတယ် ”လို့ ဒေါ်နွယ်ဇင်ဝင်းက ပြောပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပြုလုပ်တာဟာ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်သလို ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်တဲ့ အတွက် လူထုအနေနဲ့ ဒါတွေကိုကျယ်ကျယ်ပြန့်ပြန့်သိရှိလာရင် လူထုကတားမြစ်ဖော်ထုတ်မှုတွေ ပြုလုပ်လာနိုင်မှာဖြစ်တယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

“ အကြမ်းဖက်မှုတွေကို နည်းလမ်းနှစ်မျိုးနဲ့ အရေးယူတာတွေရှိပါတယ်၊ ဒါပေမယ့် ကျွန်မတို့နိုင်ငံမှာတော့ ဥပဒေကြောင်းအရ အရေးယူတာတွေ အားနည်းနေသေးတယ်၊ နောက်တစ်ခုက လူမှုအသိုင်းအဝိုင်းက အရေးယူတဲ့နည်းလမ်းပေါ့နော်၊ ဒါတွေကိုလူထုသိဖို့အတွက် ဒီဟာတွေကိုလုပ်နေရတာဖြစ်ပါတယ် ”လို့ ဒေါ်နွယ်ဇင်ဝင်းက ပြောပါတယ်။

အဲဒီလှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်နေတာဖြစ်ပြီး မန္တလေး၊ ရန်ကုန်၊ မြစ်ကြီးနား၊ စစ်တွေမြို့နဲ့ ဘားအံမြို့တွေမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

#voiceofmyanmar#စစ်တွေ# အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး၁၆ ရက်တာလှုပ်ရှားမှု#

Related posts

Leave a Comment

VOM News

FREE
VIEW