တစ်နေ့လျှင် ရေနံစိမ်း စည်တစ်သန်းကျော် လျှော့ထုတ်ဖို့ အိုပက်အဖွဲ့နဲ့ မဟာမိတ်နိုင်ငံတွေ သဘောတူ

ဗီယင်နာ၊ ဒီဇင်ဘာ ၈၊ ၂၀၁၈

မျိုးဆက် (VOM)

 

အမေရိကန် အစိုးရက ကန့်ကွက်နေပေမယ့် လာမယ့်နှစ်ကစပြီး တစ်နေ့ကို ရေနံစိမ်းစည် ၁ ဒသမ ၂ သန်း လျှော့ချထုတ်လုပ်ဖို့အတွက် ရေနံတင်ပို့ရောင်းချတဲ့နိုင်ငံများအဖွဲ့ (အိုပက်) နှင့် အခြားရေနံထုတ်လုပ်တဲ့ နိုင်ငံ၁၀ နိုင်ငံက သဘောတူလိုက်ကြပါတယ်။

 

၂၀၁၉ ခုနှစ် ဇန်န၀ါရီ ၁ ရက်ကစပြီး ရေနံထုတ်လုပ်မှု လျှော့ချဖို့အတွက် သဘောတူညီချက်တစ်ရပ်ကို အိုပက်အဖွဲ့နဲ့ ရုရှားအပါအ၀င် အဖွဲ့ဝင်မဟုတ်တဲ့ ၁၀ နိုင်ငံက ဗီယင်နာမှာ ပြုလုပ်တဲ့ နှစ်ရက်ကြာဆွေးနွေးမှုအပြီး ဒီဇင်ဘာ ၇ ရက်က သဘောတူခဲ့ကြတာဖြစ်ပါတယ်။

 

ဒီလိုလုပ်ဆောင်လိုက်ခြင်းအားဖြင့် ရေနံစိမ်းဈေးနှုန်းမြင့်တက်လာဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေနဲ့ မဟာမိတ်တွေက မျှော်လင့်နေကြပြီး အမေရိကန်အစိုးရအနေနဲ့တော့ ရေနံဈေးကျဖို့အတွက် နည်းလမ်းရှာဖွေနေခဲ့ပါတယ်။

 

မိမိတို့အနေနဲ့ ရေနံစိမ်းစည်ပေါင်း ၁ ဒသမ ၂ သန်းကို လျှော့ချထုတ်လုပ်သွားမှာဖြစ်တယ်လို့ အီရတ်ရေနံဝန်ကြီးက ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကို ပြောပါတယ်။

 

ဆော်ဒီအာရေဗျအပါအ၀င် အိုပက်နိုင်ငံများက တစ်နေ့လျှင် ရေနံစည် ရှစ်သိန်းနဲ့ အဖွဲ့ဝင်မဟုတ်တဲ့ မဟာမိတ်နိုင်ငံတွေက တစ်နေ့လျှင် ရေနံစည် လေးသိန်း လျှော့ချထုတ်လုပ်သွားမှာဖြစ်ပါတယ်။

 

ဒါပေမယ့် ဒီဇင်ဘာ ၇ ရက်က ရရှိခဲ့တဲ့ ရေနံလျှော့ထုတ်ဖို့ သဘောတူညီချက်မှာ အီရန် ၊ ဗင်နီဇွဲလားနဲ့ လစ်ဗျားနိုင်ငံတို့ကိုတော့ ကင်းလွတ်ခွင့်ပြုထားပါတယ်။

 

Ref : Press TV

Photo : AFP

Related posts

Leave a Comment

VOM News

FREE
VIEW