ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ အုပ်စုဖွဲ့ လုယက်သူတွေ ဖမ်းဆီးရမိ

 

မုံရွာ၊ဒီဇင်ဘာ ၁၂-၂၀၁၈

ဗျဂ္ဃ(VOM)

လွန်ခဲ့တဲ့ ၁ ပတ်လောက်က မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ လုယက်မှုကို မုံရွာမြို့မရဲစခန်းက (ပ)၁၈၀၅/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၆/၃၄ အရ အမှုဖွင့်ပြီး အလိုရှိနေတဲ့ လုယက်သူတွေကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

မျက်နှာဖုံးအုပ် အမည်မသိ လူအုပ်စုက ချိန်းတွေ့နေတဲ့ သမီးရည်းစားစုံတွဲ နဲ့ အဖော်မိန်းကလေး တစ်ယောက်ကို လူပြတ်တဲ့အဝေးတစ်နေရာကို ခေါ်ပြီး ပါလာတဲ့ ဖုန်းနဲ့ငွေတွေ လုယူတဲ့အပြင် လူတွေကိုလည်း ထိုးကြိတ်ကန်ကျောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး မုံရွာကန်သာယာပန်းခြံမှာ မနေ့ညက အုပ်စုလိုက် ရန်ဖြစ်နေသူတွေကို မြို့ပြလုံခြုံရေးဆောင်ရွက်နေတဲ့ လှည့်ကင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး စစ်ဆေးရာကနေ ပေါ်ပေါက်ခဲ့ပါတယ်။

လက်ရှိမှာ ပြစ်မှုကျူးလွန်သူ ၇ ယောက်စလုံးကို ဖမ်းဆီးစစ်ဆေးနေပြီး သက်သေခံပစ္စည်းသိမ်းဆည်းတာ၊ ကျူးလွန်ပုံနှင့် ကျူးလွန်ရတဲ့ အကြောင်းစစ်ဆေးတာတွေ ဆောင်ရွက်နေဆဲဖြစ်ပြီး ပြစ်မှုကျူးလွန်သူတွေက အသက်အငယ်ဆုံး ၁၃ နှစ်ကနေ အသက်အကြီးဆုံး ၂၀ နှစ်သာဖြစ်ပြီး အများစုက အသက်မပြည့်သေးသူတွေဖြစ်တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်ခဲ့သူတွေကို မုံရွာမြို့မရဲစခန်းက (ပ)၁၈၀၅/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၆/၃၄ အပြင် နောက်ထပ်အနေနဲ့ ဓားပြမှု ပုဒ်မ ၃၉၅ နဲ့ပါ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar#မုံရွာ#ရဲအလိုရှိလုယက်သူတွေမိ#

Related posts

VOM News

FREE
VIEW