အကြိမ်ကြိမ်ရွှေ့နေခဲ့တဲ့ ထိုင်းနိုင်ငံရွေးကောက်ပွဲ ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျင်းပတော့မည်

ဗန်ကောက်၊ ဒီဇင်ဘာ ၁၂-၂၀၁၈

မျိုးဆက် (VOM)

ထိုင်းနိုင်ငံမှာ အကြိမ်ပေါင်းများစွာ ရွှေ့ဆိုင်းနေခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး  နိုင်ငံရေးလှုပ်ရှားမှုတွေ ပိတ်ပင်ထားတာကိုလည်း ဇန်န၀ါရီလမှာ ထိုင်းအစိုးရက ရုပ်သိမ်းသွားမှာဖြစ်တယ်လို့ ထိုင်းရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်ခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း ယင်လပ် အစိုးရကို လမ်းပေါ်ထွက်ဆန္ဒပြတာတွေ လအတန်ကြာဖြစ်ပွားပြီးနောက် ဥပဒေစိုးမိုးဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းစစ်တပ်က ၂၀၁၄ ခုနှစ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုတွေကို တင်းတင်းကြပ်ကြပ် တားမြစ်ထားခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲနေ့အဖြစ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကို သတ်မှတ်ကြောင်း ထိုင်း ရွေးကောက်ပွဲကော်မရှင် ဒုတိယအတွင်းရေးမှူးချုပ် နတ်လအိုဆီဝါကူက သတင်းထောက်များကိုပြောဆိုလိုက်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေ ပိတ်ပင်ထားတာကို ရုပ်သိမ်းဖို့ကတော့  အစိုးရအပေါ်မှာ မူတည်နေတယ်လို့ ၎င်းက ဆိုပါတယ်။

အရှေ့တောင်အာရှရဲ့ ဒုတိယစီးပွားရေးအဖွံ့ဖြိုးဆုံး ထိုင်းနိုင်ငံအတွက် ဒီမိုကရေစီပြန်လည်ဖော်ဆောင်နိုင်မယ်လို့ များစွာမျှော်လင့်ထားတဲ့  အဆိုပါ ရွေးကောက်ပွဲဟာ  စစ်တပ်နဲ့ တော်ဝင်အသိုင်းအ၀ိုင်းကို ဆန့်ကျင်တဲ့ ကျေးလက်ဒေသမှ အများအပြားထောက်ခံပြီး ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ကျောထောက်နောက်ခံပြုထားတဲ့ ပေါ်ပြူလစ် နိုင်ငံရေးလှုပ်ရှားမှုအတွက် အခွင့်အရေးတစ်ရပ်ဖြစ်ဖွယ်ရှိနေပါတယ်။

ထိုင်းစစ်အစိုးရဟာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ အကြိမ်ကြိမ် ရွှေ့ဆိုင်းနေခဲ့တာဖြစ်ပါတယ်။ သို့သော်နိုင်ငံရေးလှုပ်ရှားမှုတွေ ပိတ်ပင်ထားတာကို ယခုလနှောင်းပိုင်းမှာ  ရုပ်သိမ်းဖွယ်ရှိကြောင်းနဲ့  ဇန်န၀ါရီ အစောပိုင်းမှာ  နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေကို လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ယခုတစ်ပတ်အစောပိုင်းက ပြောဆိုထားပါတယ်။

#vuiceofmyanmar#ထိုင်းနိုင်ငံရွေးကောက်ပွဲ# ဖေဖော်ဝါရီ၂၄ရက်မှာကျင်းပမည်#

Ref : Reuter

Photo: Getty Image

Related posts

Leave a Comment

VOM News

FREE
VIEW