ဒေါက်တာအေးမောင်တို့အမှုမှာ စာရေးဆရာဝေဟင်အောင်ဘက်က အမှုခြေဖျက်ဖို့ လျှောက်လဲချက်ပေး

စစ်တွေ၊ ဒီဇင်ဘာ ၁၄-၂၀၁၈

ခိုင်လင်းစံ (VOM)

နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ပုဒ်မသုံးခုနဲ့တရားစွဲဆိုခံခဲ့ရပြီး ၁၁ လအကြာ အမှုရင်ဆိုင်နေခဲ့ရတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့အမှုမှာ စွဲဆိုထားတဲ့ပုဒ်မတွေကို ခြေဖျက်ပေးဖို့ စာရေးဆရာဝေဟင်အောင်ဘက်က ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ လျှောက်လဲချက်ပေးခဲ့ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်တွေဟာ ကွဲလွဲမှုတွေရှိနေ ပြီး သက်သေခံပစ္စည်းတွေအဖြစ် တင်သွင်းထားတာတွေဟာလည်း အစစ်အမှန်မဟုတ်တဲ့အတွက် အကြောင်းခြင်းရာနဲ့ ဥပဒေပိုင်းမှာ ကိုက်ညီမှုမရှိတဲ့အတွက် ကျန်ရှိနေတဲ့ပုဒ်မနှစ်ခုစလုံးကို ပါယ်ဖျက်ပေးဖို့ ရခိုင်ပြည်နယ် တရားလွှတ်တော်မှာ အပြီးသတ်လျှောက်လဲချက်ပေးခဲ့တာဖြစ်ပါတယ်။

“တစ်နေ့တည်းတစ်ချိန်တည်းမှာ လူတစ်ယောက်တည်းက ဟောပြောခဲ့တဲ့ အကြောင်းခြင်းရာတစ်ခုတည်းကို ပုဒ်မသုံးခုနဲ့တရားစွဲဆိုခဲ့တယ်၊ တစ်မှုကတော့ စွဲချက်မတင်ဘဲ လွှတ်ပေးခဲ့တယ်၊ နှစ်မှုကျန်နေတယ်၊ အဲဒီဟာကိုနှစ်က နိုင်ငံသားတစ်ဦးရဲ့ ခံစားပိုင်ခွင့်တွေဆုံးရှုံးနေတာဖြစ်တယ်၊ ဥပဒေအရမှားယွင်းမှုဖြစ်တယ်၊ တရားစီရင်ရေးတိမ်းစောင်း နေတယ်။ ဒါကြောင့် အမှုကို ပါယ်ဖျက်ပေးဖို့အတွက် လျှောက်လဲချက်ပေးခဲ့တာပါ ”လို့ စာရေးဆရာဝေဟင်အောင်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

မူလတရားရုံးက စွဲဆိုခဲ့တဲ့အခါမှာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)တို့နဲ့ စွဲဆိုခဲ့တာဖြစ်ပြီး ပထမတစ်ကြိမ် ဒေါက်တာအေးမောင်တို့ဘက်က ပြင်ဆင်ခွင့်လျှောက်ထားခဲ့ရာမှာ ပုဒ်မ ၁၇(၁)ကို လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

“သက်တွေက ရုံးချိန်းတွေမှာ စာရွက်ကြည့်ပြီးတော့ ထွက်ဆိုခဲ့ကြတယ်၊ တရားဖြစ်တဲ့ ဦးခင်မောင်ဦးကိုယ်တိုင်က သူနားထောင်ခဲ့တာမဟုတ်ဘဲ တစ်ဆင့်ကြားကိုပဲ ထွက်ဆိုတာဖြစ်တယ်၊ သက်သေခံစီဒီခွေကလည်း တစ်ဆင့်ကူးထားတဲ့ ခွေဖြစ်တယ်၊ မူရင်းမပြနိုင်တဲ့အတွက် ဒါဟာဥပဒေနဲ့မညီပါဘူး”လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။

အကြောင်းအရာတစ်ခုတည်းအပေါ်မှာ အမှုသုံးခုဖြင့်တရားစွဲဆိုခဲ့တဲ့အပေါ် တရားရေးမဏ္ဍိုင်အနေနဲ့  ဥပဒေနဲပအညီ တည့်မတ်စွာဆောင်ရွက်လိမ့်မယ်လို့ ယုံကြည်အားကိုတဲ့ မျှော်လင့်ချက်နဲ့ အဲဒီပြင်ဆင်မှုကို တက်ခဲ့တာဖြစ်တယ်လို့ ရှေ့နေဒေါ်အေးနုစိန်ကပြောကြားခဲ့ပါတယ်။

#voiceofmyanmar#ဒေါက်တာအေးမောင်တို့အမှု#စာရေးဆရာဝေဟင်အောင်ဘက်ကအမှုခြေဖျက်ဖို့ လျှောက်လဲချက်ပေး#

Related posts

Leave a Comment

VOM News

FREE
VIEW