မောင်တောမြို့နယ် အထက်ပြူးမကျေးရွာက ပျောက်ဆုံးနေသူနှစ်ဦးကို သေဆုံးလျက်တွေ့ရှိ

မောင်တော၊ ဒီဇင်ဘာ ၂၀-၂၀၁၈

ခိုင်လင်းစံ(VOM)

အကြမ်းဖက်မှုတွေဖြစ်ပွားနေတဲ့ မောင်တောမြို့နယ်အတွင်းက အထက်ပြူးမကျေးရွာသားနှစ်ဦးတို့ဟာ ဒီဇင်ဘာလ ၁၇ ရက်နေ့ညနေက ငါးရှာထွက်သွားစဉ် ပြန်လည်ရောက်မလာဘဲ ပျောက်ဆုံးနေခဲ့ရာ  ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ ခန့်အချိန်က သေဆုံးနေတဲ့သူတို့ရဲ့အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီသေဆုံးနေတဲ့ကျေးရွာသားနှစ်ဦးတို့ဟာ ငါးရှာနေစဉ် အကြမ်းဖက်သမားတွေက လည်လှီးသတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပြီး ၎င်းတို့ငါးရှာနေတဲ့ချောင်းကမ်းစပ်အနီးမှာ သေဆုံးနေတဲ့အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

“ပျောက်သွားတာက ၁၇ ရက်နေ့ညနေပိုင်းကနေ ပျောက်သွားတာပါ၊ ငါးရှာထွက်သွားပြီးပြန်မရောက်လာခဲ့ကြဘူး၊ ဘာဖြစ်မှန်းမသိတော့ ရွာသားတွေလည်းလိုက်ရှာခဲ့ကြပါတယ်၊ အခုနှစ်ရက်အကြာမှ အလောင်းတွေကိုတွေ့ရပါတယ် ”လို့ အထက်ပြူးမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းလှိုင်က ပြောပါတယ်။

သေဆုံးသူနှစ်ဦးတို့ဟာ အထက်ပြူးမကျေးရွာသား ရခိုင်လူမျိုးတွေဖြစ်ကြပြီး ဦးမောင်ထွန်းအေး အသက် ၅၆ နှစ်နဲ့ ဦးမောင်မောင်သန်း အသက် ၅၁ နှစ်တို့ဖြစ်ကြပြီး သူတို့နှစ်ဦးငါးရှာနေတဲ့ လှေနဲ့ပိုက်တွေကိုတော့ ၁၇ ရက်နေ့ညက ကျေးရွာသားတွေလိုက်လံရှာဖွေမှုပြုလုပ်တဲ့အခါ တွေ့ရှိခဲ့ပြီးတော့ အလောင်းတွေကို ဒီကနေ့မှတွေ့ရှိခဲ့တာဖြစ်ပါတယ်။

“အလောင်းတွေကိုတွေ့တာက ကျွန်တော်တို့ အထက်ပြူးမကျေးရွာအုပ်စု၊ တောင်ရင်းကျေးရွာအနားက ချောင်းကမ်းစပ်မှာ တွေ့ရှိခဲ့တာပါ၊ နှစ်ဦးစလုံးရဲ့လည်ပင်းမှာ ဓါးဒဏ်ရာတွေနဲ့သေဆုံးနေတာဖြစ်ပါတယ်၊ ဘယ်သူတွေသတ်သွားတယ်ဆို တာတော့ မသိရသေးဘူး ”လို့ ဦးမောင်ထွန်းလှိုင်က ပြောပါတယ်။

ယခုကဲ့သို့ မြစ်ချောင်းများအတွင်း စားဝတ်နေရေးအတွက် မြစ်ချောင်းများအတွင်း ငါးရှာနေကြသည့် ရခိုင်တိုင်းရင်းသား အပါအဝင် မောင်တောမြို့နယ်အတွင်းမှ တိုင်းရင်းသားဒေသခံများမှာ အကြမ်းဖက်သမားများ၏ တိုက်ခိုက်သတ်ဖြတ်မှုများနှင့် ရင်ဆိုင်နေကြရပြီး အခုလအတွင်း ပိုမိုဆိုးရွားလာနေတာဖြစ်ပါတယ်။

#voiceofmyanmar#မောင်တော#အထက်ပြူးမကျေးရွာကပျောက်ဆုံးနေသူနှစ်ဦးကိုသေဆုံးလျက်တွေ့#

 

Related posts

Leave a Comment

VOM News

FREE
VIEW