စပါးတိုက်စစ်မှူး ဟာရီကိန်း ခြေကျင်းဝတ်ဒါဏ်ရာကြောင့် မတ်လအထိ အသင်းပွဲစဉ်တွေ လွဲချော်တော့မည်

 

လန်ဒန်၊ ဇန်န၀ါရီ-၁၆-၂၀၁၉

ရန်နိုင်ထွန်း(VOM)

စပါးအသင်းရဲ့တိုက်စစ်မှူး ဟာရီကိန်းကတော့ ဇန်န၀ါရီ ၁၃ ရက်က ကစားခဲ့တဲ့ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒါဏ်ရာရသွားတဲ့အတွက် မတ်လအထိ အသင်းရဲ့ပွဲစဉ်တွေမှာ ပါဝင်နိုင်တော့မှာမဟုတ်ဘူးလို့ ဇန်န၀ါရီ ၁၅ ရက်မှ စပါးအသင်းက ထုတ်ပြန်လိုက်ပါတယ်။

ကနဦး ဆေးစစ်မှုတွေအရ တိုက်စစ်မှူး ဟာရီကိန်းရဲ့ ဘယ်ဘက်ခြေကျင်းဝတ်အရွတ် ပျက်စီးသွားတယ်လို့ အတည်ပြုနိုင်ခဲ့တယ်လို့ စပါးအသင်းက ထုတ်ပြန်ပါတယ်။ ၎င်းကို အသင်းရဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ဒါဏ်ရာနဲ့ ပတ်သက်ပြီး ပြန်လည်ကြံ့ခိုင်မှုရှိအောင် အနီးကပ်စောင့်ကြည့် လေ့ကျင့်ပေးသွားမှာဖြစ်ပြီး မတ်လအစောပိုင်းမှသာ လေ့ကျင့်ခန်းပြန်လည်ဆင်း နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဟာရီကိန်းဟာ ဒါဏ်ရာကြောင့် ချယ်ဆီးအသင်းနဲ့ ကစားရမယ့် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကိုလည်း လွဲချော်မှာဖြစ်ပြီး ပထမအကျော့မှာတော့ စပါးအသင်းက ချယ်ဆီးကို အနိုင်ယူထားပါတယ်။ ဒါ့အပြင် အသင်းမှာ လူးကပ်မိုရာလည်း ဒါဏ်ရာရရှိနေပြီး တိုက်စစ်မှူး ဆွန်ဟောင်မင်ကလည်း မိခင်နိုင်ငံအသင်းအတွက် ပွဲတွေကစားဖို့ရှိနေတဲ့အတွက် စပါးအသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။ လက်ရှိပရီးမီးယားလိဂ် ပွဲစဉ် ၂၂ ပွဲကစားပြီးချိန်မှာတော့ စပါးအသင်းဟာ ရမှတ် ၄၈ မှတ်နဲ့ အဆင့်သုံးနေရာမှာ ရပ်တည်နေပါတယ်။

Ref : CNA Photo : Reuter

#voiceofmyanmar#စပါး#ဟာရီကိန်း#ခြေကျင်းဝတ်ဒါဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW