သံတွဲမှာ ဆိုင်ခန်းမီးလောင် ဆိုင်စောင့်သေဆုံး

သံတွဲ၊ ဇန်နဝါရီ ၁၇-၂၀၁၉

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဒီကနေ့မနက်ပိုင်းက အံတော်တောင်ရင်းကုန်းမှာရှိတဲ့  ဈေးဆိုင်ခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်စောင့်တစ်ဦးသေဆုံးသွားခဲ့ပါတယ်။

အဲဒီဈေးဆိုင်ခန်းဟာ ကုန်ခြောက်တွေရောင်းချတဲ့ဆိုင်ဖြစ်ပြီး ဈေးဆိုင်အဟောင်းမှာတပ်ဆင်ထားတဲ့ လျှပ်စစ်ဒါးမိန်းကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ကပြောပါတယ်။

“မီးကတော့ မနက် ၁ နာရီခွဲလောက်မှာစလောင်တာပါ။ မီးသတ်တပ်ဖွဲ့ကို သတင်းပေးပို့တဲ့အတွက် သံတွဲမြို့နယ် မီးသတ်တပ်ဖွဲ့က သွားရောက်မီးငြိမ်းသတ်ခဲ့ပါတယ်။ ဆိုင်အတွင်းမှာစောင့်အိပ်နေတဲ့ ဆိုင်စောင့်တစ်ဦးသေဆုံး သွားပါတယ်။”လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့ဆိုင်ခန်းမှာ အမှတ် ၈ ရက်ကွက် အံတော်တောင်ရင်းကုန်လမ်းမှာရှိတဲ့ ကျော်ဇံဆီဆိုင်အနီးမှာရှိတဲ့ ဈေးဆိုင်တန်းဖြစ်ပြီးတော့ မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးအရံမီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးအပါအဝင် မီးသတ်ယဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီးတို့နဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့က သွားရောက်ငြိမ်းသတ်ခဲ့ရာ ၁ နာရီ ၅၀ ခန့်မှာ ငြိမ်းသတ်သွားခဲ့တယ်လို့ ပြောပါတယ်။

“မီးလောင်မှုဖြစ်တာက ဆိုင်ခန်းအဟောင်းမှာတပ်ဆင်ထားတဲ့ လျှပ်စစ်ဒါးမိန်းကနေ အပူလွန်ကဲပြီးတော့ လောင်တာဖြစ်ပါတယ်။ မီးလောင်ကျွမ်းခဲ့တဲ့ ၁၀ ပတ်လည် ဓနိမိုး၊ ပျဉ်ခင်းပျဉ်ကာ ဆိုင်ခန်းတစ်ခန်းဆုံးရုံးသွားတယ်။ ၁ နာရီ ၅၀ လောက်မှာတော့ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။”လို့ ဆက်လက်ပြောကြားပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းကလည်း သံတွဲမြို့မဈေးရဲ့ အပေါ်ထပ်မှာရှိတဲ့ ကုန်ပစ္စည်းသိုလှောင်ခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့က သွားရောက်ငြိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။

ဓါတ်ပုံ-မီးသတ်တပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW