အကယ်ဒမီစိစစ်ရေးအဖွဲ့က သန့်သန့်လေးသွားနေတာလို့ အဖွဲ့ဥက္ကဌ ဦးကြည်စိုးထွန်းဆို

ရန်ကုန် ဇန်နဝါရီ ၁၉- ၂၀၁၉

သင်းသဒ္ဒါ

 

၂၀၁၈ ခုနှစ်မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုအတွက်  အကဲခတ်ကြည့်ရှုတဲ့အခါ စိစစ်ရေးအဖွဲ့က ရိုးရိုးသားသား သန့်သန့်လေးသွားနေတာပါလို့  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက နဲ့  အကယ်ဒမီ စိစစ်အဖွဲ့ဥက္ကဌ ဦးကြည်စိုးထွန်း ကဆိုပါတယ်။

 

“အရင်နှစ်တွေကတော့  အဂတိလိုက်စားမှုရှိတယ်လို့ အသံတွေထွက်ခဲ့တာကြောင့် ဒီနှစ်မှာတော့ စည်းမျဉ်း၊ စည်းကမ်းတွေပတ်သက်ပြီး  အကောင်းဆုံး သမာသမတ်ကျကျလုပ်ဆောင်နေပါတယ်။ အရင်ကဆိုရင်  ဖုန်းဆက်ပြီးတော့ ဆုတွေအတွက် ပြောလာတာရှိပါတယ်။ နောက် Message နဲ့လာတယ်။ ဒါမျိုးတွေ ရှိခဲ့ပါတယ်။ အဲဒါတွေကြောင့် အကယ်ဒမီဆုပေးပွဲ မတိုင်ခင် အသံတွေ ထွက်လာခဲ့တယ်။ ဒါကို ဒီနေ့မှာ ဖြေရတာက အဲလိုမလာအောင် လုပ်တာပါ။ တို့ ရုပ်ရှင်သမားတွေထဲက ဖုန်းဆက်တယ်။ Message ပို့တာတွေက မသမာနည်းတွေပါ။ မိသွားရင် နှစ်ဘက်လုံးအတွက် မကောင်းပါဘူး။ မသမာနည်း အဲလိုလုပ်ဆောင်ဟာကို သိ စေချင်လို့ ဒီလိုစကားကိုဖြေတာပါ။ ဒီအဖွဲ့က သန့်သန့်လေးသွား နေတာပါ” လို့ ဦးကြည်စိုးထွန်းက ဆိုပါတယ်။

 

ဒီနှစ်မှာတော့ အကယ်ဒမီနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်ကမ်းသစ် သတ်မှတ်ပြီး စာအုပ်ထုတ်ထားတယ်လို့ သိရပါတယ်။ စကာတင် အကယ်ဒမီ စာရင်းဝင် ဇာတ်ကားတွေကို စိစစ်ကြည့်ရှုမှု  ဒုတိယအပတ် ပြီးရင် ထုတ်ပြန် ကြေငြာသွားမယ်လို့ ဆိုပါတယ်။

 

”ဇာတ်ကားတွေကို ဒုတိယအပတ်ပြီးမှ ကြော်ငြာမှာပါ။ အဆိုပြုဇာတ်ကားပေါင်း ၁၅ ကျော် ကား၂၀ လောက်ရှိမှာပါ။ ဒီကားတိုင်းကတော့ ဆုတွေအများကြီးရမယ်လို့ ပြောလို့မရပါဘူး။ ဒီနှစ်တော့ မနှစ်ကနဲ့ မတူအောင် သေချာ စိစစ်မှုတွေလုပ်နေပါတယ် ”လို့ဆိုပါတယ်။

 

အရင်နှစ်တွေကတော့ အကယ်ဒမီ စာရင်းဝင် ဇာတ်ကားပေါင်း ၅၀ကျော်ရှိပြီးတော့ ဒီနှစ်ကတော့ ၈၀ ကျော်အထိ ကားအရေအတွက် ပိုများလာတယ်လို့ သိရပါတယ်။ဆုတွေကိုလည်း မကျန်အောင်ကြိုးစားသွားမယ်လို့ သိရပါတယ်။

 

 

ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW