တစ်နှစ်လျှင် ဒေါ်လာသန်း ၁၂၀ တရုတ်ကို အတိုးပေးရမယ့် ရထားလမ်းစီမံကိန်း မလေးရှားဖျက်သိမ်းလိုက်ပြီ

ကွာလာလမ်ပူ၊ ဇန်န၀ါရီ-၂၆

မျိုးဆက် (VOM)

မလေးရှားနိုင်ငံဟာ တရုတ်ဆက်သွယ်ရေးဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီ (CCCC) နဲ့ သဘောတူညီထားတဲ့ ဒေါ်လာ ၂၀ ဘီလီယံ တန်ဖိုးရှိ အရှေ့ကမ်းရိုးတန်းရထားလမ်း စီမံကိန်းကို ဖျက်သိမ်းလိုက်ပြီလို့ မလေးရှားစီးပွားရေး ၀န်ကြီးက ဇန်န၀ါရီ ၂၆ ရက်တွင် အတည်ပြုပြောဆိုလိုက်ပါတယ်။

အခြေခံမူတစ်ခုခြင်းစီအပေါ် အခြေခံပြီး တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံမှုတွေကို မလေးရှားနိုင်ငံက ကြိုဆိုမယ်လို့ အာမခံချက်ပေးထားပေမယ့်လည်း အဆိုပါစီမံကိန်းရဲ့  ကုန်ကျစရိတ်မှာ အလွန်များပြားတယ်လို့ စီးပွားရေးဝန်ကြီး မိုဟာမက် အာဇာမင်အလီက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

အဆိုပါ မီးရထားလမ်းစီမံကိန်း ကုန်ကျစရိတ်မှာ အလွန်ကြီးပြီး မိမိတို့မှာ ယင်းကုန်ကျရန် ဘဏ္ဍာရေး အခြေအနေမရှိတာကြောင့် စီမံကိန်း ဖျက်သိမ်းဖို့ အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

ယင်းစီမံကိန်းနှင့်ပတ်သက်၍ အတိုးမှာ  တစ်နှစ်လျှင် ဒေါ်လာ သန်း ၁၂၀ ကုန်ကျမှာဖြစ်ပြီး အဆိုပါကုန်ကျစရိတ်ကို မတတ်နိုင်တာကြောင့် တရုတ်နိုင်ငံနဲ့  မိမိတို့ အကြား ကောင်းမွန်တဲ့ ဆက်ဆံရေးကို မထိခိုက်စေဘဲ စီမံကိန်းအဆုံးသတ်ဖို လိုအပ်တယ်လို့ ၎င်းက ပြောပါတယ်။

စီမံကိန်းဖျက်သိမ်းခြင်းအတွက်လျော်ကြေးအဖြစ်  တရုတ်ကုမ္ပဏီဘက်ကို မည်မျှပေးမယ်ဆိုတာကိုတော့ မလေးရှားအစိုးရက ဆုံးဖြတ်နေဆဲဖြစ်တယ်လို့ အဇာမင်ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်ကုမ္ပဏီ (CCCC) ကတော့ ချက်ချင်းမှတ်ချက်ပေးခြင်းမရှိပါဘူး။

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်ဟာ လွန်ခဲ့တဲ့ သြဂုတ်လက အာဏာရပြီးနောက်ပိုင်း အကျင့်ပျက်ချစားမှုကြောင့် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်လက်ထက်မှာ တရုတ်နိုင်ငံနဲ့ သဘောတူညီခဲ့တဲ့စီမံကိန်းတွေထဲက မမျှတဲ့ စီမံကိန်းတွေကို ပြန်လည်ညှိနှိုင်းမယ် သို့မဟုတ် ဖျက်သိမ်းမယ်လို့ ကတိပြုခဲ့ပါတယ်။

Ref : Reuter

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW