ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲဖြစ် လက်နက်ကြီးများဖြင့်ပစ်ခတ် ကျေးရွာသားတွေထွက်ပြေးခဲ့ရ

ရသေ့တောင်၊ ဇန်နဝါရီ ၂၆-၂၀၁၉

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းမှာ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မနက်ပိုင်း ၉ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် ကျေးရွာသားတွေ နီးစပ်ရာအဆောက်အအုံတွေမှာ ထွက်ပြေးပုန်းအောင်နေခဲ့ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီတိုက်ပွဲဟာ မြန်မာ့တပ်တော်နဲ့ AA တို့အကြားဖြစ်ပွားခဲ့တာဖြစ်ပြီး ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုတွေ ရပ်နားနေခဲ့ရာကနေ ဒီကနေ့မနက်ပိုင်းမှာ ပြန်လည်ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

“တိုက်ပွဲကတော့ ၉ နာရီလောက်မှာစဖြစ်တယ်။ ကျွန်တော်တို့ရွာနဲ့ သမီးလှကြားမှာဖြစ်တာပါ။ လက်နက်ကြီးတွေနဲ့ ပစ်နေကြတော့ ရွာသားတွေလဲ အိမ်မှာမနေရဲကြဘဲ အကုန်လုံးပုန်းနေကြရပါတယ်။”လို့ အိုးဖောက်ကျေးရွာသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတိုက်ပွဲဖြစ်ပွားတာတွေမကြားရတော့ပေမယ့် ဒေသခံကျေးရွာသားတွေက ဘယ်ကိုမှမသွားရဲမလာရဲဖြစ်နေကြပြီး ဆက်လက်ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

“တိုက်ပွဲဖြစ်တဲ့နေရာကတော့ အာကာတောင်နားမှာဖြစ်တာပါ။ အနီးအနားမှာတော့ ကျေးရွာတွေရှိတာပေါ့။ အိုးဖောက်တို့ သမီးလှတို့ရှိတယ်။ ရွာတွေကိုထိခိုက်တာတော့မကြားဘူး။ ရွာနဲ့ဖြစ်တဲ့နေရာနဲ့သိပ်မဝေးတော့ ရွာသားတွေစိုးရိမ်တာပေါ့။” လို့ သူကပြောပါတယ်။

အခုလိုမျိုး ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် မောင်တောမြို့နယ် ရန်အောင်မြင်ကျေးရွာက နေအိမ်တစ်လုံးဟာ ဇန်နဝါရီ ၁၆ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar#ရသေ့တောင်#AA

Related posts

Leave a Comment

VOM News

FREE
VIEW