ဆူးငှက်
ဒေါ်ဒေါ်ပေးသော အခွင့်အရေးတစ်ခု
—————————————
သည်နေရာတွင် ဒေါ်ဒေါ်ပေးသော အခွင့်အရေးတစ်ခုကိုလည်း ကျွန်တော်ငြင်းခဲပါသေးသည်။ ထိုစဉ်ကာလ နိုင်ငံရေးအရ စာပေလွတ်လပ်ခွင့် ဆုံးရှုံး ကျပ်တည်းနေသောအခါ ဒေါ်ဒေါ်က သူ့တူ သူ့သားတွေကို စာနယ်ဇင်းနှင့် ပတ်သက်၍ အမြင်ကျယ်စေချင် ကမ္ဘာ့ကြည့် ကြည့်စေချင်သည်။ ထို့ကြောင့် စာနယ်ဇင်းပညာများကို နိုင်ငံရပ်ခြားအထိ ပို့လွှတ် သင်ကြားစေချင်သည်။ ဤသို့ဖြင့် ဒေါ်ဒေါ်က သူ့မိတ်ဆွေများနှင့် ဆက်နွယ်ပြီး ထိုအစီအစဉ်ကို ဆောင်ရွက်သည်။ ဒေါ်ဒေါ့် အစီအစဉ်တွင် ပို့လွှတ်ရန် လျာထားသူကို သေချာရွေးချယ်သည်။ ဒီလောကတွင် တကယ်အလုပ်လုပ်ပြီး ခိုင်မာသည့်သူ ဖြစ်ရမည်။
ထိုအစီအစဉ်ဖြင့် ဆရာအော်ပီကျယ် က ပထမဆုံး ကာတွန်းအင်နီမေးရှင်းပညာ ဒီပလိုမာ ကို အင်္ဂလန်က ရခဲ့၏။ ထို့နောက် ဆရာကျော်ရင်မြင့်ကလည်း ဇာနယ်ဇင်းပညာ ဒီပလိုမာကို အင်္ဂလန်က ရရှိခဲ့ပါသည်။ ဆရာကျော်ရင်မြင့် ပြန်လာပြီးနောက် ဆရာက ကျွန်တော့်ကို တွေ့တိုင်း ကိုဆူး အေဘီစီဒီလေး ပြန်နွေးထားနော်၊ လိုအပ်ရင် ဒေါ်မမနိုင်သင်တန်း တက်ပါလား၊ ဆရာမဆီ ကျွန်တော်လိုက်အပ်ပေးပါ့မယ်၊ ဆရာမကလည်း ကိုဆူးဆိုရင် FOC လုပ်ပေးမှာပါ ဟု အမြဲ တိုက်တွန်းသည်။ ကျွန်တော်ကလည်း အင်းမလှုပ် အဲမလှုပ်။ သည်ကြားထဲ ဦးမျိုးခင်၏ ပိတောက်မင်းစာအုပ်တိုက်က ကျွန်တော်၏ တဝက်မန်ကျည်းပင် ဝတ္ထုတိုပေါင်းချုပ် ထုတ်ဝေသောအခါ အမှာစာကို ဒေါ်ဒေါ်လူထုဒေါ်အမာနှင့်အတူ ရေးသားချီးမြှင့် ပေးသည့် ဆရာလူထုစိန်ဝင်း ကလည်း သူပထမဆုံး ရေးဖူးသည့် အမှာစာမို့ ကျွန်တော်က ကြိုက်နှစ်သက်ပါ့မလားဟု စိုးရိမ်စွာ ဖုန်းဆက်ရင်း ကျွန်တော်ကို အင်္ဂလိပ်စာကိုလည်း ဖိုးစကေး ကျွမ်းကျင်အောင် လေ့လာထားဖို့ တိုက်တွန်းပြန်သည်။
သည်လိုနှင့် နောက်နှစ် မန္တလေးသို့ ဆရာလာတော့ ဒေါ်ဒေါ့်အစီအစဉ်အရ ကျွန်တော်ကိုလွှတ်ရန် စီစဉ်ထားကြောင်း ဆရာလူထုစိန်ဝင်းက ဖွင့်ပြောတော့၏။ ကျွန်တော့်မှာ နဂိုကတည်းက လူတောမတိုး ကြောက်ရွံ့ သိမ်ငယ်သည့် စရိုက်နှင့် အင်္ဂလိပ်စာ အားနည်းမှုကြောင့် ငြင်းဆန်လိုက်သည်။ ဆရာကလည်း အံ့သြ နေ၏။ အဖိုးတန် အခွင့်အရေးကို မယူသော ကျွန်တော့်ကို ထပ်မံတိုက်တွန်းပြန်သည်။ သည်တစ်ခါ ဘယ်လိုမှ အဆင်မပြေ ကြောင်း ဘူးခံ ငြင်းဆန်လိုက်သည်။ အကြောင်းပြတာက အသက်၉၀နားနီးနေသည့် အတူနေမိခင်ကြီး၏ ကျန်းမာရေးအရ ထားရစ်ဖို့ မဖြစ်နိုင်ပါဟူသော ဆင်ခြေဖြစ်သည်။ ဆရာလည်း စိတ်ပျက်လက်ပျက်နှင့် အားလျော့ သွားတော့သည်။
အဖိုးမဖြတ်နိုင်သည့် ဧရာမ အခွင့်အရေး
——————————————–
ဟော.. အခုလည်း ဒေါ်ဒေါ်က ကျွန်တော့်ကို အဖိုးမဖြတ်နိုင်သည့် ဧရာမ အခွင့်အရေးကြီး ပေးလိုက်ပြန်၏။ ထိုစဉ်ကာလ ကျွန်တော်၏ ကျန်းမာရေးကအစ မိသားစုရေး၊ အိမ်တွင်းရေး၊ စီးပွားရေး အထွေထွေ ချွတ်ခြုံကျမှုအတွက် လိုအပ်နေသော အထောက်အပံ့ကို သေချာပေးလိုက်ခြင်းဖြစ်သည်။ သည်တစ်ခါ ကျွန်တော်ငြင်းလိုက်လျှင် “အခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။ ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။ ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊ အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား” ဟူသော လယ်တီဆရာတော်ကြီး၏ သံဝေဂ လင်္ကာပါ စာသားကဲ့သို့ ဖြစ်ချိမ့်မည်။ ထို့ကြောင့် ဒေါ်ဒေါ်က ပြောလာသည်နှင့်ပင် ကျွန်တော်က အားရဝမ်းသာ ခေါင်းညိတ် လိုက်သည်။ ဒေါ်ဒေါ်က “ မင့် ဇနီးလေး တိုင်ပင်ပါဦး” ဆိုသည်ကိုပင် ကျွန်တော်က ခင်သော်ဇင် လက်ခံခွင့်ပြုပြီးသားပါ ဒေါ်ဒေါ်ဟု ပြောလိုက်တော့သည်။ ဤသို့ဖြင့်…
သာသနာ့ဝန်ထမ်း ရဟန်းကောင်း၊ ရဟန်းမြတ်အဖြစ်သို့
———————————————————–
ဇေယျတုသာသနာတော် (၂၅၄၃) ခု၊ ကောဇာသက္ကရာဇ် (၁၃၆၁)ခု၊ ဂိမှ(နွေ)ဥတုလဆန်းပက္ခ ဇေဋ္ဌမာသ စန္ဒြမာသ နယုန်လဆန်း ၈ရက်၊ စနေနေ့၊ ညနေစက်နာရီ ၃နာရီ ၅၈ မိနစ်အချိန်၌ မန္တလေးမြို့ ရတနာဘုမ္မိရပ်၊ မြတောင် ကျောင်းတိုက်၊ မဏိဥက္ကဋ္ဌ အဘယရံသီခဏ္ဍသိမ်တော်ကြီးတွင်၊ မန္တလေးမြို့၊ လက်ဆည်ကန်ရပ်၊ ရဟန်းဒါယိကာ လူထုဦးလှ၊ ရဟန်းဒါယိကာမလူထုဒေါ်အမာတို့ ၏ ပစ္စယာနုဂ္ဂဟကိုခံယူ၍၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူသော မန္တလေးမြို့၊ ရွှေဝါဝင်းကျောင်း၊ မဏိရတနာရာမ မြတောင်ကျောင်းတိုက် ဆရာတော်ကို ဥပဇ္ဈယ်ပြု၍၊ မန္တလေးမြို့၊ မြတောင်ကျောင်းတိုက်၊ ဇမ္ဗူအေးစာချကျောင်း ဆရာတော်ကို အနုသာသက ဆရာတော်ပြုပြီး
(၁) တောင်ထီးလင်းတိုက် ဘဒ္ဒန္တဇောတိကာဘိဝံသ ဆရာတော်၊
(၂) မစိုးရိမ်တိုက်သစ် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ ဆရာတော်၊
(၃) မြင်းဝန်မင်းကြီးတိုက် ဘဒ္ဒန္တသုတာလင်္ကာရာဆရာတော်
ဤအရှင်သုံးပါးကို ပဋ္ဌမကမ္မဝါဆရာပြုပြီးခါလျှင် သြဝါဒါစရိယဆရာ မန္တလေးမြို့၊ မြတောင်ကျောင်းတိုက် ရွှေဝါဝင်းကျောင်း ဘဒ္ဒန္တသာသနာဘိဝံသ ဆရာတော်အရှင်သူမြတ်တို့နှင့်တကွ (၁၃)ပါးသောကာရက သံဃာတော် အရှင်သူမြတ်တို့သည် ကာယသာမဂ္ဂီ နှစ်လီပေးခါ ညီညာဖေးမချီးမြှောက်ကြသဖြင့် သာမဏေရှင်ကောသလ္လသည် ဣဓပါတိမောက္ခသံဝရသံဝုတော ဥဘတောဝိဘင်းအလာ မာတိကာဥဒ္ဒေသအားဖြင့် (၂၂၇)ပါးသော၊ မဟာဝါ စူဋ္ဌဝါ၊ ပရိဝါ ပါဠိတော် အရပ်ရပ် ဆုံးဖြတ်ပိုင်းခြား၊ အကျယ်အားဖြင့် ကုဋေကိုးထောင့်တစ်ရာ့ ရှစ်ဆယ့်ငါးသန်း သုံးသောင်း ခြောက်ထောင် များမြောင်လှစွာသောအာစာရဂေါစရနှင့်တကွ လောကစမ္မသမုဋ္ဌာန်၌ ထုတ်ပြန်တော် မူအပ်သော သိက္ခာပုဒ်တော်အပေါင်းတို့ကိုထိန်းသိမ်းစောင့်ရှောက်သောဒုလ္လဘအစစ် ဖြစ်နိုင်ခဲစွာ့ သာသနာ့ဝန်ထမ်း ရဟန်းကောင်း၊ ရဟန်းမြတ်အဖြစ်သို့ ကောင်းမွန်စွာ တက်လှမ်းအောင်မြင်ပါစေသတည်း။
ရဟန်းသစ် မင်္ဂလာရက်ချုပ်စာတမ်းကို အဆုံးထိဖတ်လိုက်သော်လည်း နောက်ပိုင်းစာလုံးတွေ သဲကွဲစွာ မမြင်မိတော့။ ရင်ထဲလှိုက်ခနဲ ဝင်ရောက်လာသော ခံစားမှုက ဝမ်းသာဝမ်းနည်းမို့ အင်အားပြင်းလှ၏။ “သိက္ခာပုဒ် အပေါင်းတို့ကို ထိန်းသိမ်း စောင့်ရှောက်သော ဒုလ္လဘအစစ် ဖြစ်ခဲနိုင်စွ သာသနာ့ဝန်ထမ်း” ဖြစ်လေသောကြောင့် ခံစားရှိုက်လွယ် လူဝတ်ကြောင်ကဲ့သို့ ဣန္ဒြေဆည်မရ၊ မျက်ရည် ပိုးပိုးပေါက်ပေါက် ကျသလို့လည်းမဖြစ်။ သို့သော် မတတ်နိုင်။ ဘယ်လိုမှ ထိန်းမရသည့် မျက်ရည်တို့ တာကျိုးလေပြီ ။ ဦးပဉ္ဇင်းအသစ်မို့ ဖို့ရိုးဖားလျား ရုံတင်ထားသော ညာဖက်ပခုံးပေါ်မှ ဧကသီနှင့် ခေါင်းငုံ့၍ မျက်ရည်သုတ်မိ၏။
ကြုံတောင့်ကြုံခဲ ဝတ်ရသော ဒုလ္လဘရဟန်း ဘဝ
————————————————–
အသက် ၄၀ ကျော်တွင် ကြုံတောင့်ကြုံခဲ ဝတ်ရသော ဒုလ္လဘရဟန်း ဘဝတွင် ကျေးဇူးရှင် မိခင်အိုကြီးကအသက် ၉၀ အရွယ် မို့ အိမ်မှာ သူ့မြေးနှစ်ယောက်နှင့် နေခဲ့ပေါ့။ မနက်လင်းကတည်းက အလှူဝေယျာဝစ္စနှင့် ခင်ပွန်းသည် ဒုလ္လဘရဟန်းအတွက် လိုက်ပါလာသော ဇနီးသည်က မြတောင်ကျောင်းတိုက် ရာပြည့်ဗိမာန်တော်ကြီး ခြေရင်း သမံတလင်းတွင် ဒူးတုပ် လက်အုပ်ချီရင်း ငေးငိုင်နေသည်။
ပဉ္စင်းအသစ်တို့သည် မြတောင်ရာပြည့်ဗိမာန်တော်ကြီးနှင့် သိမ်အကြားသစ်ပင်ရိပ်တွင် အသားမကျသေးသော သင်္ကန်းတို့ကို သေသပ်ပိရိဖို့ ကြိုးစားနေကြ၏။
“ပရိမဏ္ဍလံ = အဝန်းညီစွာ။ နိ-ဝါသေဿာမိ = သင်းပိုင်ကို ဝတ်အံ့။
ပါရုပိဿမိ = ကိုယ်ဝတ်သင်္ကန်းကို ရုံအံ့။ ဣတိ = ဤသို့၊
သိက္ခာ = သင်ခြင်း၊ ကျင့်ခြင်း၊ အားထုတ်ခြင်းကို။ ကရဏိယာ = ပြုကျင့်အပ်၏” ဟူသော စာသားကို သတိတရ အနေနှင့် ဦးစွာပထမ ကိုယ်ဝတ်ကိုယ်ရုံ သင်္ကန်းတွေကို ပြင်ဆင်နေကြခြင်း ဖြစ်သည်။
ရဟန်းဒါယိကာမကြီးကသားနှင့်မခြားဦးပဉ္စင်းရဟန်းသစ်များကို ကြည့်ကာ ပီတိဖြာဝေနေသည်။ ထို့အတူ ဟောဒီသမိုင်းဝင် မြတောင်ကျောင်းတိုက်ကြီးမှာအမှတ်တရမယ်ဇယ်ပင်နှင့် အမှတ်တရကမ္ပည်း မော်ကွန်းကျောက်စာ ရေးထိုးစိုက်ထူဂုဏ်ပြုအပ်သောရဟန်းဒါယကာကြီးကလည်းတမလွန်မှသည် ပြုံးပန်းဖြာဝေနေမှာလည်း သေချာသည်။
ရဟန်းဒါယကာကြီးနှင့် ရဟန်းဒါယိကာမကြီး၏ ရင်နှစ်သည်းချာ သားအရင်း ဆရာညီပုလေးကလည်း အခုတော့ ဦးပဉ္စင်း ဦးဆေကိန္ဒ …တဲ့။
ဦးဆေကိန္ဒနှင့် ညီအစ်ကိုရင်းတမျှ ဖြစ်ရသော နာမည်ရ စီးပွားရေးမဂ္ဂဇင်း ပင်တိုင် ဆောင်းပါးရှင် ဆရာ ကျော်ရင်မြင့် က … ဦးဝိလာသ။
ဦးဆေကိန္ဒ၏ အစ်ကိုနှင့် ရဲဘော်ရဲဘက် ဦးတည်ချက် တူခဲ့သူ၊ လူထုစာအုပ်တိုက်၏ စာပြင်စာတည်းဆရာ ညီစေမင်းက ဦးကောသလ။
ရဟန်းဒါယိကာ၊ ရဟန်းဒါယိကာမတို့ အညာသူ အညာသားများ ပင်လယ်သွားကြသည့် စာပေခရီးစဉ်အစ တူသားနောင်မယ်၊ ဆွေရင်းမျိုးရင်းမခြား ကျွန်းစု ဘိတ်သား ဆရာအောင်မှူး က ဦးဉာဏိက။
ဦးဆေကိန္ဒက ညီငယ် တစ်ယောက်လို ခင်မင်၊ အနုပညာရောင်းရင်း တစ်ယောက်လို လေးစားသော ရန်ကုန်ရောက် မန္တလေးသား ပန်းချီဒီဇိုင်းဆရာ စိုးဝင်းငြိမ်း က ဦးစိန္တိတ။
ကျွန်တော် ဆူးငှက် ကတော့ ဦးကောသလ္လ။
ဦးပဉ္စင်း ၆ပါးသာမက ရဟန်းဒါယိကာ၊ ရဟန်းဒါယိကာမ တို့၏ နှလုံးသည်းပွတ် မြေးနှစ်ယောက်ကလည်း သာမဏေ ၂ပါး အဖြစ် အဘိုး၊ အဘွားကိုကျေးဇူးဆပ်ကြပြန်၏။ “ဒုလ္လဘအစစ်ဖြစ်နိုင်ခဲစွာ့”တဲ့။ သာသနာ့ဝန်ထမ်း ရဟန်းကောင်း၊ ရဟန်းမြတ်အဖြစ် ကျင့်ကြံရခြင်းကဒုလ္လဘအစစ် ဖြစ်နိုင်ခဲစွာ့ တဲ့။
ဝမ်းသာ ဝမ်းနည်းမျက်ရည်တွေ
——————————–
မိရိုးဖလာ လက်လုပ်လက်စား သာမန်မိဘနှစ်ပါးမှ မွေးဖွားပြီး ကျောင်းပညာမှာလည်း သာမန်မျှဖြစ်သော ကျွန်တော့်အဖို့မှာကား ကမ္ဘာကျော် နိုင်ငံကျော် စာရေးဆရာသတင်းစာဆရာကြီး၊ ဆရာမကြီးများ ဖြစ်ကြသော လူထုဦးလှ နှင့် လူထုဒေါ်အမာတို့၏ အလှူ မှာစာရေးဆရာ၊ အယ်ဒီတာ၊ အနုပညာရှင်များနှင့် အတူ ဒုလ္လဘ ရဟန်းတစ်ပါး အဖြစ် ခံယူခွင့်ရခြင်းကား ကြီးစွာသော “ဒုလ္လဘ” ပင် ဖြစ်ပါ၏။
သည်အချက်ကို တွေးမိတော့ ရင်တွင်းလှိုက်လာသည်။ စောစောမိနစ်ပိုင်းကတွင်ပဲ ဥပဇ္ဈယ် ဆရာတော်ကြီးများ ရှေ့မှောက် တွင် “ဥပဇ္ဈာယောမေဘန္တေ ဟောဟိ” ဟုသုံးကြိမ်သုံးခါ တောင်းဆို၍ ဆရာတော်ကြီးများက “ပါသာဒိကေနသမ္ပာဒေထ” ဟုဆုပေးအပ်၍ ရှင်ရဟန်း သိက္ခာဝတ်နှင့်အညီ နေထိုင်ပါမည်ဟု ဝန်ခံခဲ့ပြီးပါမှ ပုထုဇဉ်မို့ ဝမ်းသာ ဝမ်းနည်းမျက်ရည်တွေ ကျချေပြီ။
ဣဓ ပါတိမောက္ခ သံဝရ သံဝုတော ဥဘတောဝိဘင်းအလာ မာတိကာဥဒ္ဒေသအားဖြင့် (၂၂၇)ပါးသော၊ မဟာဝါ စူဋ္ဌဝါ၊ ပရိဝါ ပါဠိတော် အရပ်ရပ် ဆုံးဖြတ်ပိုင်းခြား၊ အကျယ်အားဖြင့် ကုဋေကိုးထောင့် တစ်ရာ့ရှစ်ဆယ့် ငါးသန်းသုံးသောင်း ခြောက်ထောင် များမြောင်လှစွာသော အာစာရဂေါစရနှင့်တကွ လောကစမ္မသမုဋ္ဌာန်၌ ထုတ်ပြန်တော်မူအပ်သော သိက္ခာပုဒ်တော်အပေါင်းတို့ကိုထိန်းသိမ်းစောင့်ရှောက်သောဒုလ္လဘအစစ် ဖြစ်နိုင်ခဲစွာ့ သာသနာ့ဝန်ထမ်း ရဟန်းကောင်း၊ ရဟန်းမြတ်အဖြစ်သို့ ကောင်းမွန်စွာ တက်လှမ်းအောင်မြင်နိုင်ရန် ကျွန်တော်တို့ကို ဒုလ္လဘရဟန်းခံကုသိုလ်ယူ လှူဒါန်း ပေးသည့် သာသနာ့ဒါယကာကြီးလူထုဦးလှ နှင့် သာသနာ့ဒါယိကာမကြီး လူထုဒေါ်အမာကိုယ်စား ဒေါ်ဒေါ် လူထုဒေါ်အမာကို ကျွန်တော်တို့ သင်္ကန်းမစည်းမီ လူဝတ်ကြောင်ဘဝနှင့် ကန်တော့ကြတော့ ဝမ်းသာပီတိမျက်ရည် ဖြိုင်ဖြိုင်ကျမိသည်။ စာပေကျေးဇူးရှင် စာပေ့မိခင်ကြီးမို့လည်း ၃ကြိမ်မက အကြိမ်ကြိမ် ဦးချနေမိပါ၏။ မျက်ရည်ကြားက မြင်ရသောဒေါ်ဒေါ့်မျက်နှာမှာလည်း လွမ်းဆွတ်မှုနှင့် လောကဓံအရိပ်အရောင်တွေ ပျောက်ကာ ပီတိပြုံးချည်းလွှမ်းနေတာ သတိထားမိပါသည်။
ပီတိလွှမ်းသည့် ဒေါ်ဒေါ့် မျက်နှာ..၊ ၁၃၆၁ခုနှစ်၊ နယုန်လဆန်း၈ရက်၊ ၁၉၉၉ခုနှစ် မေလ ၂၂ ရက်။ မြတောင်သာသနာနှစ်၁၀၀ဗိမာန်တော်ကြီးအတွင်း……။
××××× ×××××
ပခုံးပေါ်ကလွှမ်းရုံထားသော ဧကသီနှင့် ခေါင်းငုံ့ကာ မသိမသာသုတ်သင်အပ်သော်လည်း မျက်ရည်တို့ တားဆီးမနိုင်…။ ရှိနေရာမှ မသိမသာနေရာရွေ့၍ မျက်ရည်တို့ တန့်စေ့ငှာခေါင်းကိုမော့၏။ ကောင်းကင်မော့ ကြည့်မိ၏။ နယုန်လဆန်း၏ တိမ်စတိမ်နတို့ ကောင်းကင်ပြာဝယ် ကြဲရရဲ ဖြစ်နေသည်။ထိန်းသိမ်း ချုပ်တီးရ ခက်ခဲသော စိတ်၏ အဟုန်ဖြင့် တိမ်စတိမ်နတို့ လွင့်မျောသွားသည် …။ တရိပ်ရိပ် …။
မြတောင်တိုက်မှသည် ကျစွာချောင်သို့
—————————————–
ဒေါ်ဒေါ် လူထုဒေါ်အမာက ကျွန်တော်တို့ကို ရဟန်းခံပေးပြီး မဟာဝိသုဒ္ဓါရုံတိုက်သစ် မတ္တရာသူဌေးကျောင်း ဆရာတော် ဦးမာနိတ၏ အစီသစဉ်ဖြင့် စစ်ကိုင်းတောင်ရိုး ဝါးချက်ရွာ ကျစွာချောင်ဆရာတော်ထံ အပ်လိုက်သည်။ ကျစွာချောင် ဆရာတော်၏ ဘွဲ့အမည်မှာ အရှင်လက္ခဏ ဖြစ်ပြီး ထိုစဉ်က စစ်ကိုင်းတောင်ရိုး၊ ကျစွာချောင် မဟာအတုလရံသီ ကမ္မဋ္ဌာန်းဌာန၊ ကျစွာချောင်၊ မဟာဝိဇယရံသီစာသင်တိုက်တွင် ပရိယတ်၊ ပဋိပတ် သာသနာ့တာဝန် အရပ်ရပ်တို့ကို ထမ်းဆောင်လျက်ရှိသည်။
ထို့ကြောင့် ဦးပဉ္စင်းနှင့် ကိုရင်များအားလုံး ဝါးချက် ကျစွာ ဆရာတော် နှင့် အတူ စစ်ကိုင်းတောင်ရိုး ကျစွာတိုက်သို့ လိုက်ပါ ၍ တောင်ရိုးနံရံရှိ တစ်ပါးကျောင်းများတွင် တစ်ပါးစီ သီတင်းသုံးကာ ဆရာတော်၏ ကမ္မဋ္ဌာန်းတရားကို နာယူကြ ကမ္မဋ္ဌာန်းထိုင်ကြရ၏။
အေးချမ်းမှု ဓမ္မဝတ်ရုံ
————————-
ကျစွာချောင်က စစ်ကိုင်းတောင်ရိုး၏ မြောက်ဖျားတွင် တည်ရှိကာ ဧရာဝတီ မြစ်ကမ်းဘေးတွင် တည်ရှိသည်။ စစ်ကိုင်းမင်းကွန်း ကားလမ်းဘေးရှိ ကျစွာချောင်တွင် မဟာအတုလရံသီ ကမ္မဋ္ဌာန်းဌာန၊ မဟာဝိဇယရံသီ စာသင်တိုက်တို့ ဖွင့်လှစ်ထားပြီး ကမ္မဋ္ဌာန်းကျောင်းလေးများက တောင်ရိုး၏ တောအုပ်လေးကြားတွင် ဆိတ်ငြိမ်စွာ တည်ရှိသည်။ ကျွန်တော်တို့လည်း ပဉ္စင်းဘဝဖြင့် တောရိပ်တောင်ရိပ်အောက်က ဘုရားရိပ် တရားရိပ် ဓမ္မရိပ်အောက် ၇ရက် တစ်ပတ်မျှ ခိုလှုံခွင့် ရခဲ့သည်မှာ အဖိုးတန်လှသည်။
လောကီ၏ အပူဝတ်ရုံကို ခွာချပြီး အေးချမ်းမှု ဓမ္မဝတ်ရုံ ခဏမျှ ဝတ်ရုံ လိုက်ရသည်နှင့် ကိုယ်ပိုင်လွတ်လပ်မှု ကိုယ်ပိုင် အတွေးအခေါ်နှင့် မျှတစွာတွေးတောခြင်းဟူသော အင်အား ကိုလည်း သဘောပေါက်လာသည်။ အထူးသဖြင့် စိတ်၏ အေးချမ်းမှု တည်ငြိမ်မှုအတွင်းမှ အတွေးအခေါ်နှင့် လုပ်ရပ် လမ်းမှန်ဆိုသည်ကိုလည်း ချင့်ချိန်တတ်လာသည်။ ကျစွာချောင်တွင် ဆရာတော် အရှင်လက္ခဏထံ ဓမ္မရိပ်ခိုလှုံကြပြီး မြင့်မြတ်သော ပဉ္စင်းဘဝကို အမရပူရ တောင်လေးလုံးကျောင်းတိုက်ရှိ ရဟန်းစာဆို ဆရာတော်ဦးပညာထံ တစ်ညာဉ့်တာ နားပြီးနောက် သိက္ခာချခဲ့ကြ၏။
