ဆူးငှက်
ဇာတ်ပွဲ၊ ဇာတ်ဟန်၊ ဇာတ်သံ
——————————
၁၉၉၈ ဝန်းကျင် ကာလ..။ နတ်တော်လ၏ ရက်တစ်ရက်မှာ အခါတိုင်းလိုပဲ နေ့လယ်နေ့ခင်း တစ်ရေးတစ်မော အိပ်အပြီး ရေမိုးချိုးနံ့သာဖြူ ကရမက်တွေ လိမ်းပြီးသည်နှင့် ဒေါ်ဒေါ်လူထုဒေါ်အမာ ကျွန်တော်တို့ အလုပ်စားပွဲဆီ ဆင်းလာပါသည်။ ထိုနေ့က အရှေ့ယပ်ဝင်းဓမ္မာရုံဘုရားပွဲမို့၊ လူထုတိုက်ခေါင်းရင်း ၃၃လမ်းပေါ်မှာ ဇာတ်တစ်ဖွဲ့က စင်တွေထိုးပြီး ပွဲဦးညအဖြစ်လည်း ကပြခဲ့ပြီးပါပြီ။ သည်နေ့တစ်ညကပြဦးမှာပေါ့။ ဒေါ်ဒေါ်လည်း ဆင်းလာရော ကျွန်တော်က ”ဒေါ်ဒေါ်မနေ့ညက အိပ်လို့ရမှာမဟုတ် ဘူးနော်။ဇာတ်သံတွေကိုတစ်ညလုံးဆူနေ မှာပေါ့”ဟု ကျွန်တော်က ပြောသည်။
ဒေါ်ဒေါ်က သတင်းစာလေးကိုင်ရင်း”ဇာတ်သံ မကြားရပါဘူးကွယ်”တဲ့။ ကျွန်တော်က ”ဒေါ်ဒေါ်ကလည်း ဒေါ်ဒေါ်အိပ်ခန်းနဲ့ ကပ်ပြီး ဇာတ်စင်ထိုးထားတော့ ဇာတ်သံ တွေနဲ့ ဘယ့်နှယ့်လုပ်ပြီး ဒေါ်ဒေါ်အိပ်လို့ရမှာလဲ”ဟု ထပ်ပြီးအတွန့်တက်မိသည်။ ဒေါ်ဒေါ်က အေးအေးဆေးဆေးပါပဲ။ ”ဇာတ်သံ ဖြင့်မကြားမိပေါင်ကွယ်”တဲ့။ ”ဒေါ်ဒေါ်က လည်းလုပ်ရော့မယ်။ ဒေါ်ဒေါ်ခေါင်းရင်းမှာ ဇာတ်စင်ကြီးလေ။ ဇာတ်သံတွေနဲ့..”ဟု ထပ်အပြော ဒေါ်ဒေါ်က ပြုံးပြီး ”အဲဒါ.. ဇာတ်သံတွေမှ မဟုတ်ဘဲကွယ်”တဲ့။
သြော်..တည့်တည့်ပြောမှ ရိပ်မိတော့တာကိုး။ ဟုတ်တာပေါ့။ ဘယ်သူဘယ်ဝါ ဇာတ်အဖွဲ့ဟူသော ဆိုင်းဘုတ် ချိတ်ထားပေမယ့် ပွဲထွက်ကတည်းက ပွဲအသိမ်းအထိ စတိတ်ရှိုးပဲ ဆိုနေကြသည့် အပြင် ဇာတ်မင်းသား အသံကလည်း လည်ပင်းကြောထအောင် အော်ဆိုနေပေမယ့် အသံရှကွဲနှင့် ပေမမှီ ဒေါက်မမှီမို့ ‘ဇာတ်သံစစ်စစ်’ မကြားရတော့ဘူးဟု ဒေါ်ဒေါ်ကပြော လိုက်ခြင်းဖြစ်သည်။ သည်တော့မှ ကျွန်တော်လည်း သဘောပေါက်သွားပြီး တူအရီး နှစ်ယောက် ရယ်မောကြရသည်။ ဒေါ်ဒေါ့်ထံက တိုတိုကျစ်ကျစ်နှင့် ထိမိသည့် စကားလုံးကို ကြားရတော့ ဒေါ်ဒေါ်ပြောခဲ့သည့် စကား အသုံးအနှုန်းနှင့် ကာလံဒေသံနှင့် လိုက်ဖက်စွာ ကျင့်သုံးအပ်သည့် ရှောင်ကျဉ်အပ်သည့် စကားလုံးတွေအကြောင်းလည်း ပြောပါဦးမည်။
ဟိုအရေး သည်အရေးထဲက စာသားတွေ
———————————————-
ထိုစဉ်ထိုကာလ မဂ္ဂဇင်းတွေမှာ ဒေါ်ဒေါ်နှင့်လည်း ရင်းနှီးသော ကျွန်တော်တို့ကလည်း လေးစားတန်ဖိုးထားသော စာရေးဆရာကြီး တစ်ဦး၏ သူ့အတွေ့အကြုံနှင့် အတိတ်က ထီးဖြူဆောင်း သူ့ဆွေစဉ်မျိုးဆက် မှတ်တမ်းမှတ်ရာဆိုင်ရာ ဆောင်းပါးတွေ ဆက်တိုက် ပါရှိသည်။ အကြောင်းအရာ အားလုံး ကောင်းသည်။ အရေးအသား အတင်အပြ ရဲရင့်သည်။ ကျွန်တော်တို ကြိုက်နှစ်သက်သည်။ သို့သော် တစ်ခါတစ်ရံ အရေးအသားတွေက တစ်မျိုးတစ်မည် ဖြစ်နေ၏။ ထိုစဉ်က လူစည်ကားသည့် လမ်းဆုံ လမ်းထောင့်တိုင်း စိုက်ထူထားသည့် အနီရောင် ဆိုင်းဘုတ်ကြီး တွေမှာ..၊ မနက် မိုးလင်းမိုးချုပ် နားမဆံ့ အော်ဂလီဆန်အောင် ရေဒီယိုတွေ၊ ဗွီစီဒီခွေတွေမှာ တွေ့ရ ကြားရသော စကားလုံး စာသားတွေမျိုး ကို ကျွန်တော်တို့ လေးစားသော ပုဂ္ဂိုလ်ကြီး၏ ဆောင်းပါးတွေမှာ အမြဲလိုလို ပါလာတတ်၏။
ထိုအကြောင်းအရာကို ဒေါ်ဒေါ်က ““ဘယ်လောက်အဖိုးတန်တဲ့ နတ်သုဒ္ဓါဖြစ်ပါစေကွယ် အဲဒီထဲမှာ မစင်တစ်စက် ပါလိုက်တာနဲ့ ပစ်လိုက်ရတာပါပဲ”ဟု တစ်ချက်တည်း သုံးသပ်ပြသွားသည်။ ဒေါ်ဒေါ်က ဆက်၍“စာဖတ်ပရိသတ်က သိပ်အကင်းပါတယ်နော်၊ ဘယ်ဟာ နတ်သုဒ္ဓါ ဘယ်ဟာ မစင်ဆိုတာ ချက်ခနဲ သိကြတယ်။ သတိထားကြကွဲ့”ဟု ဆိုတော့ ကျွန်တော်တို့ တုန်လှုပ်သွားသည်။ စာတစ်ပုဒ်သာမက စာတစ်ကြောင်းကပင်လျှင်၊ စာလုံးတစ်လုံးကပင်လျှင် အရေးကြီး တာဝန်ကြီးလှပုံကို သတိပြုမိ တော့သည်။
မှတ်မိပါသေးသည်။ တစ်ညနေခင်းပေါ့။ ကျွန်တော်တို့ ထိုင်နေသော အလုပ်စာပွဲသို့ သတင်းစာတစ်စောင်ကို ကိုင်ရင်း ဒေါ်ဒေါ်လာသည်။ ထို့နောက် နိုင်ငံခြားသတင်းတစ်ပုဒ်ကို ပြသည်။ “စင်္ကာပူနိုင်ငံတွင် သက်ကျားအိုများ အရေအတွက် တိုးပွားလာ”ဟူသော ခေါင်းစီးတတ်ထားသည့် သတင်းဖြစ်သည်။ ဒို့မြန်မာမှာ စကားလုံး အသုံးအနှုန်းတွေ သူ့နေရာနဲ့သူ အံဝင်ဂွင်ကျ အများကြီးရှိတယ်ကွဲ့။ “သက်ကျားအို”ဆိုတဲ့ အသုံးအနှုန်းက မသုံးသင့်ဘူး။ နှိမ့်ချ ခေါ်ဝေါ်တာမျိုး ဖြစ်နေတယ်။ “သက်ကြီးရွယ်အို” “သက်ကြီးဝါကြီး”လို့ပဲ သုံးနှုန်းသင့်တယ်။ သတင်းစာလိုမျိုးက ပိုပြီး မသုံးသင့်ဘူး”ဟု ဒေါ်ဒေါ်က ပြောပြ သည်။
ကျွန်တော် ထိုမျှလောက် သတိပြုရ သတိထားရကောင်းမှန်းမသိ။ ဒေါ်ဒေါ်က ယောက်ျားလေးနှင့် မိန်းကလေးတွင် ညီမဟု သုံးနှုန်းပြောဆိုမှုကို မှားယွင်းကြောင်း မကြာခဏထောက်ပြသည်။ မောင်နှင့်နှမ ဖြစ်သည်။ မောင်နှင့်ညီမ မဟုတ်။ မိန်းကလေးချင်းသာ ညီမဟု သုံးနှုန်းရကြောင်း မကြာခဏ ပြောဆို ရေးသားသည်။“ဒို့မြန်မာစကားမှာ ဆွေမျိုးစပ်ရာကအစ အဖေ့ဘက်၊ အမေ့ဘက်ကအထိ ခွဲခြားသိသာတဲ့ အသုံးအနှုန်းတွေ အပြည့်အစုံ ရှိတယ်”ဟု ဆိုသည်။
တပံ့ပိုးတည်း ပံ့ပိုးကြတဲ့ ကိစ္စ
——————————–
ပြီးတော့ ဒေါ်ဒေါ်က ပံ့ပိုးဟူသော ပြောဆိုရေးသားမှုမျိုး လုံးဝမကြိုက်။ “ပံ့ပိုး” အသုံးအနှုန်းက မကောင်းသည့်ဘက် အသုံးအနှုန်းသာ ဖြစ်ကြောင်း ဒေါ်ဒေါ်က ပြောသည်။
“ဟဲ့ .. ဟိုစာရေးမလေးက ရတဲ့ လခက ဘယ်လောက်မို့လဲ၊ ဝတ်စား သုံးဖြုန်းနေလိုက်တာ”
“ဝတ်နိုင် စားနိုင် သုံးနိုင် ဖြုန်းနိုင်မှာပေါ့၊ သူ့အထက် ရုံအုပ်ကြီးက ပံ့ပိုးနေတာကိုး”
“ဒို့အရပ်ထဲက ရုံးအုပ်ကြီးလည်း ရတဲ့လစာတွေ ဘယ်ရောက်ကုန်လို့လဲ၊ သူ့သားသမီးတွေ ကြည့်လိုက်ရရင် ကျောင်းလည်းမထားနိုင်၊ အဝတ်လည်း မဆင်နိုင်နဲ့”
“အမလေး.. အဲ့ဒီရုံးအုပ်ကြီးက ရတဲ့လစာကို သူ့လက်အောက်က စာရေးမကို ပံ့ပိုးနေတာလေ၊ သူ့အိမ်ကျ လှည့်ကြည့်တာ မဟုတ်ဘူး” စသည့် နေရာများတွင်သာ ပံ့ပိုးကို သုံးရသည်ဟု ဒေါ်ဒေါ်က ဥပမာပေးသည်။
“ကူညီ”“ဝိုင်းဝန်း”“ဖေးမ”“ပူးပေါင်း” “တွဲဖက်” “ပါဝင်” “ဝန်းရံ” “လက်တွဲ” စသည်ဖြင့် စကားလုံးတွေ အများကြီး ရှိသည်။ ဤသို့ ရှိပါလျက် မကောင်းသည့် ကိစ္စနှင့်သာ သုံးစွဲသည့် စကားလုံးကိုမှ မြိန်ရေယှက်ရေ ပြောဆိုရေးသားတာမျိုး ဒေါ်ဒေါ်က မကြိုက်။ ဆန့်ကျင်သည်။
အခုတော့…
– မိဘကလည်း သားသမီးတွေကို ပေးကမ်းတာမဟုတ်ဘဲ “ပံ့ပိုး”
– ဆရာကလည်း တပည့်ကို ချီးမြှင့်တာမဟုတ်ဘဲ “ပံ့ပိုး”
– လူမှုကူညီရေးအသင်းကလည်း ရေဘေးဒုက္ခသည်ကို ကူညီတာမဟုတ်ဘဲ “ပံ့ပိုး”
– အရာရှိကလည်း အဆင်မပြေတဲ့ဝန်ထမ်းကိုထောက်ပံ့တာမဟုတ်ဘဲ “ပံ့ပိုး”
– ဆရာတော်ဘုရားကလည်း ဒကာ၊ ဒကာမကို စွန့်ကြဲတာမဟုတ်ဘဲ “ပံ့ပိုး”
– အလှူ့ရှင်ကလည်း အလှူခံပုဂ္ဂိုလ်ကို “ဆက်ကပ်”တာမဟုတ်ဘဲ “ပံ့ပိုး”
– ကြက်ခြေနီအသင်းကလည်း ဆေးပေးခန်းအတွက် “လှူဒါန်း”တာမဟုတ်ဘဲ “ပံ့ပိုး”
– အသင်းသားအချင်းချင်းရလာတဲ့ဆုငွေကို “မျှဝေ”တာမဟုတ်ဘဲ “ပံ့ပိုး”
– ကောင်လေးကလည်း သူ့ရည်းစားကောင်မလေးကို “ရက်ရော”တာမဟုတ်ဘဲ “ပံ့ပိုး”
– နိုင်ငံတော်သမ္မတကြီးကလည်း အမျိုးသမီးရေးရာအဖွဲ့တွေကို “ချီးမြှင့်”တာမဟုတ်ဘဲ “ပံ့ပိုး”
– နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံကို “ကူညီ”တာမဟုတ်ဘဲ “ပံ့ပိုး”
TV ကြည့်တော့လည်း တပံ့ပိုးတည်း ပံ့ပိုး၊ သတင်းစာတွေ ဖတ်တော့လည်း တပံ့ပိုးတည်း ပံ့ပိုး၊ အခမ်းအနားတွေ အစည်းအဝေးတွေမှာလည်း တပံ့ပိုးတည်း ပံ့ပိုး…။ အမလေး…။ ရှိသေး…။ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲမှာတောင် ကမယ့် မင်းသမီးအတွက် “ပံ့ပိုး ဆိုင်းအဖွဲ့”တဲ့။
တစ်ခါတစ်ရံ ကျွန်တော်တို့က “မဟာမြတ်မုနိ”ဟု ပြောဆို ရေးသားလျှင် ဒေါ်ဒေါ်က ချက်ချင်း ပြင်ပေးသည်။ “မဟာမုနိဆိုမှ ဘွဲ့တော်က အမှန်ဖြစ် တာကွဲ့။ မန္တလေးသားဖြစ်ပြီး ဒါမျိုးက မမှားသင့်ဘူး”ဟု ဆုံးမသည်။
စစ်ကိုင်းက သရက်ပင်ဆိပ်
——————————
မှတ်မှတ်ရရ ရှိသေးသည်။ ကျွန်တော့် ဝတ္ထုတိုလေးတွေကို စုစည်းပြီး “ဇာတ်လမ်း” ဝတ္ထုတိုစု ဟူ၍ စာအုပ်လေးတစ်အုပ်ကို ထုတ်ဖြစ်သည်။ ထူးခြားတာက ထိုစာအုပ်ကို လူထုမှာပဲ အစအဆုံး ကွန်ပြူတာစာစီ၊ ဒီဇိုင်းဆင်၊ ရိုက်နှိပ်ထုတ်ခြင်း ဖြစ်သည်။ စာအုပ်လေးပြီးပြီးချင်း ဦးဦးဖျားဖျားအနေနှင့် တိုက်အပေါ်ထပ်ရှိ ဒေါ်ဒေါ့်ဆီတက်ပြီး စာအုပ်လေးနှင့် ကန်တော့သည်။ ဒေါ်ဒေါ်က ဝမ်းသာအားရဖြင့် “အေး..၊ မင်းစာအုပ်လေးလား၊ ဒို့တိုက်မှာ ရိုက်တာလား၊ ဝမ်းသာတယ်ကွယ့်၊ ဖတ်ကြည့်မယ်၊ ဖတ်မယ်၊ ချက်ချင်းဖတ်မယ်” ဟု ဆိုကာ စာအုပ်လေးယူထားသည်။ ကျွန်တော်လည်း ဝမ်းသာစွာဖြင့် အောက်ဆင်းခဲ့သည်။ မကြာပါ။ နောက် နာရီဝက်လောက်နေတော့ ဒေါ်ဒေါ့်မြေးမလေး ရွှေပြည်စိုးက “ ဦးဆူးငှက် ၊ အဖွားက အပေါ်လာခဲ့ပါဦးတဲ့” ဟု လာပြောသည်။ ကျွန်တော်က ဒေါ်ဒေါ်ဘာများ ခိုင်းစရာရှိပါလိမ့်၊ အခါတိုင်းလို ဒေါ်ဒေါ်ရေးနေကျ ပတ်ကားဘောလ်ပင် က မင်ချောင်းကုန်နေလို့ ဝယ်ခိုင်းတာနေမှာဟု အောက်မေ့ကာ အပေါ်ထပ်သို့ တက်သည်။
အပေါ်ထပ် ဧည့်ခန်းမှာ ဒေါ်ဒေါ်က ကျွန်တော့်စာအုပ်လေးကို ဖတ်ရင်း လာကွယ့် ဒီမှာထိုင်ဦးဟု ဆိုကာ သူ့ရှေ့က သားရေကြက်ထားသော ဝါးထိုင်ခုံပုလေးကို ညွှန်၏။ ထို့နောက် စာအုပ်လေးကိုပြရင်း “ ဒီစာအုပ်လေးက ဒို့ဆီမှာ အစအဆုံးရိုက်တာနော်၊ အဲ့ဒါ ကွန်ပြူတာ ပရု(ပ်)တုန်းက ဒို့ကို ဘာလို့ မပြတာလဲ” ဟုမေးသည်။ ကျွန်တော် ထိပ်ခနဲ ဖြစ်သွားသည်။ ဘာတွေများ အဆင်မပြေ ဖြစ်သွားပါလိမ့်။ “ဒေါ်ဒေါ့်ကို အားနာလို့ ပါ”ဟုပဲ မယုတ်မလွန် ဖြေမိသည်။ “ ဒို့ အားနေတာပဲကွယ်၊ အချိန်တွေ ပိုနေတာပဲ၊ ဘာ အားနာစရာ ရှိလို့လဲ၊ ဒို့ကို ဖတ်ခိုင်းပေါ့။ အဲဒါဆို ဒို့က ပြင်ပေးလို့ ရတာပေါ့။ အခု မင့်ဝတ္ထုတစ်ပုဒ် စဖတ်တာ စစ်ကိုင်းဖက်က သရက်ပင်ဆိပ်ကို သရက်တပင်ဆိပ်လို့ မှားရေးထားတာ လေးနေရာလောက်တွေ့တယ်ကွယ့်။ စစ်ကိုင်းဘက်ကဟာက သရက်ပင်ဆိပ် ခေါ်တယ်။ သရက်တပင် ဆိုတာက ဒို့ ညောင်ကွဲဘက် ကျွန်းထဲက ရွာနာမည်လေ၊ ရေးတာက မင်း၊ ရိုက်တာက လူထု ဆိုတော့ အဲဒီလို နာမည်ကို မမှားရင် ပိုကောင်းတာပေါ့၊ အေး..အေး၊ ဒို့ကို အဖွားကြီးဆိုပြီး မခိုင်းဘဲ မနေကြပါနဲ့ကွယ်။ ခိုင်းကြပါ။ အလုပ် လုပ်နိုင်ပါသေးတယ်” ဟု ရယ်ရယ်မောမော ပြောသည်။ ဒေါ်ဒေါ်က အဲ့ဒီလို..။
မိရိုးဖလာ ဗုဒ္ဓဘာသာ
——————————–
ကျွန်တော်သည် ဗုဒ္ဓဘာသာ မိဘ၂ပါးက မွေးဖွားလာခဲ့သော်လည်း ဘာသာရေးနှင့် ပတ်သက်၍ အလွန့်အလွန် အားနည်းလှပေသည်။ မူလတန်းကျောင်းကို အိမ်တော်ရာတောင်မုခ် ဒက္ခိဏဝန် ကျောင်းတိုက်အတွင်း ပွဲစားကျောင်း ဆရာတော်ဦးပဏ္ဍဝံသ ၏ မူလတန်းကျောင်းတွင် သူငယ်တန်းမှ စတုတ္ထတန်းအထိ တက်ရောက်ခဲ့ သောကြောင့်သာ ဘုရားရှိခိုး၊ ဂုဏ်တော်ကိုးပါး၊ ရေတော်ကပ်၊ ကွမ်းတော်ကပ်နှင့် အမျှဝေတို့ကို နှုတ်တက် ရရှိရွတ်ဆို နိုင်ခဲ့သည်။ (ယခု မရတော့)။ မိဘ၂ပါးကလည်း အဘက ပရိတ်ကြီး သင်္ဂြိုဟ် သဒ္ဒါ တတ်မြောက်ခဲ့ သော်လည်း အမေက ဘုရားရှိခိုး ငါးပါးသီလ ဆွမ်းတော်ကပ် ရေတော်ကပ် အမျှဝေတို့သာ အလွတ်ရွတ်နိုင်ကာ စာမတတ်မြောက်ခဲ့ရှာပေ။ ထို့ကြောင့် ဘာသာရေးနှင့် ပတ်သက်ပြီး မိဘ၂ပါးက ကျွန်တော့်အပေါ် ထိရောက်စွာ မသင်ပြနိုင်ရှာ။ ကျွန်တော် ကိုယ်နှိုက်ကလည်း စာလေးပေလေး ဖတ်တတ်ချိန် တောင်တောင်အီအီ ဖတ်သောစာတွေက ဘာသာရေးနှင့်လည်း အလှမ်းဝေးလှစွာ၏။ ထို့ကြောင့် ဘဝတွင် မိရိုးဖလာ ဗုဒ္ဓဘာသာအနေနှင့် ဦးကြီးဦးချစ်တီးက ရှင်ပြုပေးလို့ ၅နှစ်သားက ကိုရင် တစ်ရက်ဝတ်ဖူးသည်။ ၁၀နှစ်သားတွင် အဘနှင့် အမေက ရှင်ပြုပေးလို့ ၇ရက်တစ်ပတ် ကိုရင်ဝတ်ဖူးသည်။ ဒါပါပဲလေ။
လူထုတိုက်တွင် ဒေါ်ဒေါ့်အရိပ်ခိုစဉ် ဒေါ်ဒေါ့်သမီး မမဒေါ်တင်ဝင်းနှင့် မောင်နှမအရင်းကဲ့သို့ ပြောပြဖြစ်လို့ မမ က ကျွန်တော့် ဒုက္ခပေါင်းစုံကို နားပူအောင် ကြားသိနေရာ ထိုဒုက္ခအပေါင်းက ကင်းလွတ်ရာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းအတွက် ဘုရားတရားဖက်ဖို့ တိုက်တွန်းသည်။ မမဒေါ်တင်ဝင်းထံက တဆင့် ဒေါ်ဒေါ်ကလည်း ကျွန်တော့် ဇာတ်လမ်းစုံကို သိရှိသောအခါ “မင့်ဟာက ဖုတ်ရင်းကတည်းက မကျက်ခဲ့တာကိုး” ဟု တိုတိုတုတ်တုတ် ထိထိမိမိ ကောက်ချက်ချပြီးသကာလ ဒေါ်ဒေါ်ကိုယ်တိုင် ဦးဆောင်နေသော ဆရာကြီးဂိုအင်ဂါ တရားစခန်းသို့ ဝင်ဖို့ တိုက်တွန်းသည်။ ထိုစဉ်က ဆရာကြီး၏ တရားစခန်းက မလွန်ရပ် သာသနာ့ဗိမာန်မှာပဲ ဖွင့်လှစ်သည်။ ကျွန်တော်ရှေ့က ဆရာကျော်ရင်မြင့်၊ ဆရာညီစေမင်းတို့ စခန်းဝင်ပြီးကြလို့ ကျွန်တော့်အလှည့်ရောက်တော့ ကျွန်တော်က အကြောင်း အမျိုးမျိုးပြကာ မျက်စေ့မှိတ်၍ ငြင်းသည်။ နောက်တော့ မမဒေါ်တင်ဝင်းက တရားစခန်းသို့ ပုံနှိပ်တိုက်က ဝန်ထမ်းများကို စရိတ်ခံကာ အလှည့်ပို့တိုင်း ကျွန်တော့် အလှည့်ရောက်လျှင် ကျွန်တော်က ငြင်းမြဲဖြစ်သည်။
ဆူးငှက်
