ဆူးငှက်
စွယ်စုံထူးချွန် စေတနာရှင် ဆရာစော
—————————————–
ဆရာဒေါက်တာစောလှခိုင်(ယခု ခွဲစိပ် အထူးကု ဆရာဝန်ကြီး) က ဆေးတက္ကသိုလ် တက်စဉ်ကပင် ရင်းနှီးသည်။ ကျွန်တော့် စာအုပ်ဆိုင်သို့ ကိုလွမ်းဝေ (ယခု နှလုံး အထူးကု ဆရာဝန်ကြီး)၊ ကိုမောင်မောင်လွင်(ယခု ကလေး အထူးကု ဆရာဝန်ကြီး) တို့နှင့် အတူ စာအုပ်လာငှားရာမှ ရင်နှီးသွားလိုက်တာ ယခုတိုင်ဖြစ်သည်။ ကျွန်တော်သာမက ကိုဝင်းနိုင် (အော်ပီကျယ်) စိုးဝင်းငြိမ်း မှ အစပြု၍ အနုပညာအသိုင်းနှင့် ရင်းနှီးသွားလိုက်သည်မှာ ကျွန်တော်တို့ အားလုံး၏ ကျန်းမာရေး အလှူရှင်ကြီး ဖြစ်သည်။ သူက ဆေးဖိုးဝါးခ၊ ကုသစရိတ်သာမက သူ့ဆေးခန်းရောက်လျှင် ဆေးကုပြီးအပြန် ပုဆိုး၊ ကမြစ်အင်္ကျီ စသည်တို့ကိုပင် လက်ဆောင် ထည့်ပေးလိုက်သေးသည်။ သူသာမက သူ့ ချစ်ဇနီး မမသန်းကလည်း စေတနာ ထက်သန်စွာဖြင့် ချစ်ခင်ပွန်းကို ပါရမီဖြည့်သူမို့ လိုက်ဖက်ညီလှစွာသော ဇနီးမောင်နှံဖြစ်သည်။
ကျွန်တော်က သူ့ကို ဆရာစော၊ ဒေါက်စော ဟု ခေါ်လေ့ရှသည်။ ဆရာစောက ဆေးပညာသာမက အခြားသူ စိတ်ဝင်စားသည့် ဘာသာရပ်ဆိုလျှင် ပါရဂူမြောက်အောင် လေ့လာသူဖြစ်သည်။ သူဝါသနာပါသည်ကလည်း အများသား။ တီဗီ ကက်ဆက် ကာရာအိုကေ စက်စသည့် အော်ရီယို ပစ္စည်းများ၊ ရေဒီယို ဂြိုဟ်တု စလောင်းစသည့် ဆက်သွယ်ရေး ပစ္စည်းများ၊ တယ်လီဖုန်း ကင်မရာ ကွန်ပျူတာ အင်တာနက် စသည့် နည်းပညာဆိုင်ရာ ပစ္စည်းများ၊ ငါးအလှမွေး အလှပန်းပင်စိုက် ပြိုင်ဘီးစီး ငှက်ဓာတ်ပုံရိုက် စသည်ဖြင့် ဆရာစော၏ ကျွမ်းကျင်ဘာသာရပ်များကို အခုသတိရသလောက် ချရေးကြည့်သည်ပင် မနည်းလှပေ။ မည်သည့် ဝါသနာဖြစ်စေ ကူညီခြင်း ပေးကမ်းခြင်းကတော့ ဘယ်တော့မှ မပျောက် နောက်မတွန့်ခဲ့။ ကျွန်တော်နှင့် ပတ်သက်၍ ကျွန်တော့် အမျိုးများ ငယ်သူချင်းများကိုလည်း ရင်းနှီးခဲ့ကာ နောက်ပိုင်း ထိုသူများထံ ကျွန်တော့် ထက် ဆရာစောက ပို၍ အရောက်အပေါက် များသွားသည်။
Toshiba 14” TV နှင့် ဂျပန် 110 အောက်စက်
——————————————————
ကိုင်း … သည်တော့ ကျွန်တော့် TV ဝယ်ယူခန်းတွင် ဆရာစောက မပါမဖြစ်တော့၊ ကျွန်တော်က TV ဆိုတာကို ကိုင်ကြည့်ဖူးဖို့ ဝေးစွ၊ စေ့စေ့ပင် မကြည့်ဖူး မမြင်ဖူးခဲ့ပေ။ ထို့ကြောင့် ဆရာစောကို အကျိုးအကြောင်း ပြောပြတော့ သူက သူ့ဆိုင်ကယ်းပေါ် ကျွန်တော့် တင်ပြီး TV အရောင်းဆိုင်များရှိရာ ၂၆ဘီလမ်း လမ်း၈၀နှင့် ၈၂လမ်းကြားသို့ ခေါ်သွားသည်။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ပစ္စည်းတွေကြည့်သည်။ ကျွန်တော်တတ်နိုင်သည့် ငွေကြေးပမာဏနှင့် အသင့်တော်ဆုံးကို ရွေးသည်။ ဤသို့ဖြင့် Wave အမည်ရှိ ဆိုင်က Toshiba 14” TV အသစ်လေး ဝယ်ခဲ့သည်။ သုံးသောင်းခွဲတဲ့။ ထို့နောက် TV လေးကို အိမ်ပြန်ပို့ပြီး ဆေးတက္ကသိုလ် တောင်ဘက် ၃၂လမ်းပေါ်က သူ့မိတ်ဆွေကို သွားခေါ်သည်။ သူ့မိတ်ဆွေအမည်က ကိုချို တဲ့။ ကိုချိုက ရေဒီယို ကက်ဆက် ပြင်သူဖြစ်ကာ ဆိုင်ဖွင့်ထားသည်။ ကျွန်တော်တို့ ဆရာစောက သူဝါသနာပါသော ဘာသာရပ်တွေမှာ ထိုဘာသာရပ်၏ ကျွမ်းကျင်မိတ်ဆွေများရှိသည်။ ထိုသူများကို ဆရာစောက ထိုဘာသာရပ်၏ သူ့ဆရာအဖြစ် ဆက်ဆံသည်။ ထို့ကြောင့် ထိုပုဂ္ဂိုလ်များကလည်း ဆရာစောအတွက် ဆိုလျှင် ရှုပ်နေသည့် အလုပ်ကို ပစ်ချထားခဲ့ပြီး လိုက်လာကြသည်။ အခုလည်း ဆရာစောက ကိုချို့ကိုခေါ်ပြီး ၂၆ဘီလမ်း နှင့် လမ်း၈၀ထောင့် မစိုးရိမ်မီးပွိုင့် အနီးရှိ ထွန်းဘရားသားဆိုင်သို့ သွားသည်။
ထိုဆိုင်မှ ဝမ်းတင်းစက်ဟု ခေါ်သည့် ဂျပန်ပြည်တွင်းသုံး အောက်စက် တစ်လုံးကို ကိုချို့အကူအညီဖြင့် စစ်ဆေး ဝယ်ယူသည်။ ထိုသို့ သေချာ စစ်ဆေး ဝယ်ယူပြီး ထို Toshiba အမျိုးအစား အောက်စက်ကို ကျွန်တော့ပေးသည်။ “ ကိုဆူး အမေကြီးက TV ရောက်တာနဲ့ သူ့မြေးလေးတွေ အလှူခွေကြည့် ချင်မှာဗျ၊ ဒါကြောင့် ကျွန်တော်က အမေကြီးအတွက် အောက်စက်လေး ကန်တော့ လိုက်တာပါ” ဟုဆိုတော့ ကျွန်တော် အံ့အားသင့် သွားသည်။ ဒေါက်တာစောလှခိုင်ဆိုသည်မှာ အဲ့သလို ပုဂ္ဂိုလ်မျိုး ဖြစ်သည်။ သူ့မှာ အိမ်လာသည်နှင့် အိမ်ရှိလူကုန် ကလေးလူကြီး အားလုံး၏ မျက်နှာတွေ ကြည့်ပြီး မျက်နှာညှိုးသူ မြင်သည်နှင့် နေမကောင်းဘူးလား၊ ဘာဖြစ်တာလဲဟုဆိုကာ နားကြပ်ထုတ် စမ်းသပ်ပြီး ဆေးထိုး ဆေးပေး ဆေးဝယ်ပေး ရုံမက အခုလည်း အမေက သူ့မြေးတွေ အလှူခွေကြည့်ဖို့ အောက်စက်ကိုပါ ဝယ်ပေး ကုသိုလ်ပြုသူ ဖြစ်သည်။
အမေနှင့် TV ထဲက သီချင်းသံ
———————————
ဤသို့ဖြင့် ၁၉၉၇ခုနှစ်ရောက်ပါမှ TVလေး အောက်စက်လေး ရရှိခြင်း ဖြစ်သည်။ အမေကတော့ သတိရတိုင်း သူ့မြေးတွေ အလှူခွေကြည့်သည်။ ကျန်အချိန်များမှာတော့ အိမ်က မြန်မာ့ရုပ်မြင်သံကြားပဲ ဖွင့်သည်။ အမေက TV အစီအစဉ်တွေ ကိုလည်း ကြိုက်သည်။ ထို့ကြောင့် အမြဲလိုလို ကြည့်နေတတ်သည်။ သို့သော် အမေက TV ရှေ့မှာ ထိုင်ပြီး စုံရေ မက်ရေ ကြည့်တာမျိုးမဟုတ်ပေ။ TV နှင့် မလှမ်းမကမ်းမှာ ထိုင်ပြီး မသိမသာ ကြည့်ခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်တော်က ကိုယ်မကြည့်ဖြစ်ပေမယ့် TV ကို အမေ့အတွက် အလိုက်တသိ ဖွင့်ပေးထားရသည်။
တစ်ခါတရံ အမေက လူကြီးများ ထုံးစံအတိုင်း နွဲ့ချင်သည်။ ကျွန်တော်အလုပ်များလို့ သူ့နား မကပ်တာကြာလာလျှင် ပထမ သီချင်းလေးဆိုပြီး ကျွန်တော် ကြားအောင် အသိပေးသည်။ သူ့အိပ်ရာထဲကနေ “ချောင်းကို ပစ်ကာ မြစ်ဘက်ကိုရှာ၊ ရေသာ များလို့ ငါးလည်း မတွေ့ပြီ” ပေါ့လေ။ ဒါကို ကျွန်တော်က မရိတ်မိသေးလျှင် ပြောင်ဖွင့်တိုက်တော့၏။ “အမလေး ငါ့မျက်လုံးတွေက ဘာမှ မမြင်ရတော့ပါဘူး၊ ကန်းပါပြီ။ ငါ့ကိုပစ်ထားကြတာ၊ မောင်ပေါလူရေ.. မောင်ကတော့ ဝဋ်ကျွတ်သွားပြီပေါ့” တဲ့။
အင်္ကျီအဝါလေးနှင့် မေဆွိ
—————————
အိပ်ရာထဲက အမေ့ အော်သံကြားလျှင် ကျွန်တော်က အလိုက်သိစွာ သူ့ကခန်းထဲဝင်ပြီး “အမေ နေမကောင်းလို့လား၊ မှန်း ကိုယ်လဲ မပူပါဘူး၊ အမေ့ဆံပင်တွေက ရှုပ်လို့ မမခင်မြက ရှင်းမပေးဘူးလား၊ စောင်ကြီးကလည်း ခုတင်အောက် တို့လိုတွဲလောင်းနဲ့၊ မျက်စေ့ကြည့်မကောင်းရင် မမခင်ဝင်းတို့ အလင်းရောင်မျက်စဉ်း ခတ်ပေးမယ်၊ မျက်သားတက်ရင် သူတို့ဆေး သွေးပြီး ကွင်းလိမ်းပေးမယ်လေ၊ ထတော့ အိမ်ရှေ့ထွက်ထိုင်ရအောင် အမေ၊ အခန်းထဲ့ ပိတ်လှောင်နေပြီ။ မျက်နှာသစ်ပြီး အိမ်ရှေ့မှာပဲ ထိုင်တော့၊ ခင်သော်ဇင်ဈေးက ပြန်လာရင် အမေ့အတွက် အီကြာကွေးနဲ့ လက်ဖက်ရည် ပါလာမှာ” ဟု ပြောပြီး အမေ့ကို တွဲခေါ်ရသည်။ ထိုအခါ ကျွန်တော့် လက်ကို တွဲခိုကာ ကလေးတွေ ကျောင်းပို့ပြီးပြီလား၊ ငါ့သားလည်း အမေ့အတွက်ပင်ပန်းနေပါပြီ စသည်ဖြင့်နွဲ့တော့သည်။
ထို့နောက် သူ့အခန်းပေါက်က ထွက်ပြီး ရှေ့ ၁၅ပေ အကွာလောက်မှာရှိသော TV ကို လှမ်းကြည့် ပြီး ဟဲ့ အခု သီချင်းဆိုနေတဲ့ သူတွေထဲက အင်္ကျီ အဝါလေးနဲ့ တစ်ယောက်က မေဆိ မဟုတ်လားတဲ့။ အမေက မေဆွိကို မခေါ်တတ်တော့ မေဆိဟု ခေါ်သည်။ အမေက မေဆွိပရိသတ်ဖြစ်သည်။ အခုခေတ်လိုဆိုရင်တော့ မေဆွိဖန် ပေါ့။ ကိုင်း.. စောစောက ငါ့မျက်စေ့တွေ ကွယ်နေပါပြီ ကန်းနေပါပြီးဟု အော်နေသော အမေက အခု ကျွန်တော်က အိပ်ရာထဲက တွဲထူလာတော့ ပေ ၂၀အကွာ ၁၄လက်မ TV ထဲ သီချင်းဆိုနေကြသည့် အုပ်စုထဲက မေဆွိကို အင်္ကျီအရောင်ကအစ သဲကွဲနေတော့သည်။ အမေက မေဆွိကြိုက်လိုက်ပုံများ အိပ်ရာထဲကနေ သီချင်းသံကို ကြားသည်နှင့် မေဆိ သီချင်းဟု တတ်အပ်ပြောသည်။
သီချင်းဆိုပါဦး ဆရာကြီး
—————————-
ထိုစဉ်ကာလ ဆရာနေဝင်းမြင့်က ရန်ကုန်က မနက်စော ရထားဆင်းလျှင် အိမ်သို့ ဆိုက်ကားနှင့် အရင်ဝင်လာသည်။ အိမ်မှာ မျက်နှာသစ်ပြီး ကျွန်တော်နှင့် လက်ဖက်ရည်ဆိုင်ထိုင်ကာ မနက်တိုင်း လာတတ်သည့် ဆရာသိုက်ထွန်းသက်၊ ဆရာညိုထွန်းလူတို့ကို စောင့်သည်။ ပြီးမှ လမ်း၈၀ပေါ်က သူတည်းသည့် သုခတည်းခိုခန်းသို့ သွားသည်။
ထိုသို့ လာတိုင်း အိမ်ရောက်သည်နှင့် ဆက်တီစာပွဲပေါ်မှာ ရှိသည့် မမခင်ဝင်း၏ နိုင်ငံတော်မူ မဟာဂီတ သီချင်းများစာအုပ်လေးကို လှန်လှောကြည့်ရင်း သူ၏ အောင်မြင်သော အသံဝါကြီးဖြင့် “နန္ဒာရေဝန်းရံခ ပတ်လည်မှာ၊ ရွှေမန်းတောင်တော်သာ၊ နန္ဒာ…. ရေဝန်း..ရံခ ပတ်လည်မှာ၊ ရွှေမန်း….တောင်တော်သာ၊ အို…ဆန်းပါလှ မြနန်းဝင်္တိသာ၊ အို..အို.. အို.၊ ဆန်းပါလှ မြနန်းဝင်္တိသာ၊ မြန်ချာ ဖန်လာနေညွှန့်မှာ၊ ဘုန်းလေး.. မြတ်ဝေဆာ” စသည်ဖြင့် မန်းတောင်လက်ျာ ကို အနည်းဆုံး တစ်ပိုဒ်လောက်တော့ ဟစ်လိုက်သည်။
အမေက ဆရာနေ့ အသံကို အလွန် သဘောကျသည်။ နောက်ထပ် ဆရာနေဝင်းမြင့် ရောက်လာလို့ စကားသံကြားလိုက်သည်နှင့် အမေက အိပ်ရာထဲကနေ “ဆရာကြီး ရောက်ပြီလား၊ သီချင်းဆိုပါဦး” ဟု သောတရှင်လိုရာ ပွဲတောင်းတော့သည်။ အမေက ဤကဲ့သို့ သီချင်းကြိုက်ပါ၏။
ဇာတ်ထုပ်၊ ဇာတ်သီချင်းနှင့် အငြိမ့်သီချင်း
——————————————–
အမေက စာမတတ်ရှာပါ။ ရွာက ဘုန်းကြီးကျောင်းမှာ ဆွမ်းတော်ကပ် ရေတော်ကပ် အမျှဝေ မေတ္တာပို့လောင်သာ သင်ခဲ့ရရှာသည်။ ပရိတ်တွေ ပဋ္ဌာန်းတွေပင်မတတ်။ သို့သော် အမေက ငယ်စဉ်က ဇာတ်ပွဲတွေထဲက သူကြိုက်သော ဇာတ်ထုပ်တွေ အတော်များများ အလွတ်ရသည်။ ကျွန်တော်ငယ်စဉ်က အိပ်ရာဝင်လျှင် အမေ့ရင်ခွင်ကြားမှာ အမေ့နို့ပိန်ကို စို့ရင်း (ကျွန်တော်က ၁၀နှစ်သားလောက်ထိ နို့စို့သတဲ့) အမေ့ဇာတ်ထုပ်တွေ နားထောင်ပြီးမှ အိပ်ပျော်သည်။ အထူးသဖြင့် ရုပ်သေးမင်းသမီး ဆရာပု၏ စစ်ကိုင်း ကောင်းမှုတော်အနီး ကျောက်ပနံ ကန်ကြီးကုန်းရွာကို အခြေခံသည့် ဆားတောင်သူ မအောင်ဖြူ ဇာတ်ထုပ်ကို အမေက အပိုင် ဖြစ်သည်။ ထိုဇာတ်ထုပ်ထဲက ငိုချင်းတွေလည်း အမေက မှတ်မိသည်။ ထို့ပြင် ရွှေကျီးညို၊ ပဲခူးမြတို့၏ ဇာတ်ထုပ်တွေဘည်း ရသည်။ ဇာတ်ထုပ်တွေ နားစွဲနေသောကြောင့် အသံကြားတာနှင့် မင်းသားက ဘယ်သူ ဆိုတာ အမေက အတတ်ပြောနိုင်သည်။
ကက်ဆက်လေးရှိစဉ်က ကျွန်တော်သည် ဦးပြေဟန်နှင့် ရွာစား စိန်ချစ်တီး၏ “ပန်းမြိုင်လယ် ရှင်းတမ်း” ခွေကို အမြဲဖွင့်သည်။ မြန်မာ့အသံက အသံလွှင့်ခဲ့သည့် အစီအစဉ်ကို ကက်ဆက်နှင့် အသံသွင်းထားသည့် ရှားရှားပါးပါး ထိုအခွေကို ကျွန်တော်က ၁၉၉၅ခုနှစ် ဝန်းကျင်လောက်ကပင် အမှတ်မထင် ရရှိထားသည့် အပြင် နှစ်သက်လှသောကြောင့် မကြာခဏ ဖွင့်ဖြစ်သည်။ ထိုခွေဖွင့်လျှင် အမေက နားစွင့်ထောင်ရင်း “ဒီမင်းသားက ဘယ်သူလဲ၊ ငါမကြားဖူးဘူး” ဟုပြောသောကြောင့် ဒီအခွေက ဇာတ်ထုပ်မဟုတ်ကြောင်း၊ သီဆိုသူကလည်း ဇာတ်မင်းသား မဟုတ်ကြောင်း၊ နာမည်ကျော် ဆိုင်းအဆိုတော်ကြီး သီချင်းရေးဆရာကြီး ဖြစ်ကြောင်း အမေ့ကို ပြောပြရသည်။ အမေက ဇာတ်ထုပ်တွေသာမက မမခင်ဝင်းက ရွှေရတနာ အငြိမ့်နှင့် ရှေ့ထွက်အဖြစ် ၆လလောက် ကပြစဉ် အမေက အစ်မနောက် အမြဲလိုက်ရလို့ မမခင်ဝင်း၏ အငြိမ့်သီချင်း၊ အလယ်ထွက် ရွှေမန်းသူ မြင့်မြင့်သန်း၏ သီချင်း၊ ခေါင်းဆောင်မင်းသမီး ယုစန်းကြည်၏ သီချင်းတွေလည်း ရသည်။
ထိုအငြိမ့်သီချင်းများကို အမေက အသက် ၇၀ ၊ ၈၀ ကာလမှာပင် သတိရလျှင် အိပ်ရာထဲမှ တကြော်ကြော် သီဆိုနေတတ်သည်။ “ခင်ဝင်းနွယ် အပျိုကြီး ဖြစ်လာ၊ နောင်တစ်နှစ်မှ ပိုးကြပန်းကြပါ” တဲ့။ “ မြင့်မြင့်သန်း အငြိမ့် ကရာတွင် မောင် နောက်ကလိုက်လို့ပင် ၊ စက်ဘီးအုပ်ကြီးနဲ့ ဘာဂျာမှုတ်ကာပင်” တို့။ “မြင့်မြင့်သန်းကို အားပေးကြတဲ့ လုပ်သားပြည်သူတွေ၊ မရသေးသော စည်းစိမ်ဥစ္စာ ရတနာရွှေငွေ၊ ဒီရေအလား တိုးပါစေ၊ စိန်တွေ ကျောက်တွေ ထွန်းတောက်ပါစေ” တို့၊ “ကျွန်မ ယုစန်းကြည်၊ အရွယ်ရောက်လို့ အပျိုကြီးဖြစ်လာပြီ၊ သူများတွေ ပြောကြတာက ယုစန်းကြည် အသက်ငယ်လွန်းသည်၊ ရှာပုံတော် ဆန်းကြလို့ မယ်နဲ့မောင်နဲ့ နှစ်ယောက်သား ချစ်ချင်သည်” တို့သည် အမေ အမြဲဆိုနေကျ အငြိမ့်သီချင်းများ ဖြစ်ပါ၏။
မြို့မငြိမ်း၏ ယိမ်းသီချင်းများ
——————————-
ထိုစဉ်ကာလ အိမ်သို့ တစ်ခါတရံ အန်တီဒေါ်တင်ကြည်လည်း ရောက်လာတတ်သည်။ အန်တီ ဒေါ်တင်ကြည် ဆိုသည်မှာ ဆရာမြို့မငြိမ်း၏ သမီးကြီးဖြစ်သည့် အပြင်၊ ပန်းချီဆရာကြီး ပေါ်ဦးသက်၏ ဇနီးလည်း ဖြစ်သည်။ ထိုစဉ်က ဆရာပေါ်ဦးသက်ကွယ်လွန်ပြီး ဆရာဝန်အသင်းတိုက်တွင် ကျင်းပသော ပေါ်ဦးသက် အမှတ်တရ ပန်းချီပြပွဲ၊ မြို့မ အသင်းတိုက်တွင် ကျင်းပသေယ မြို့မငြိမ်းသီချင်းများ မူမှန်ဖြစ်ရေး အစည်းအဝေးများတွင် အန်တီ ဒေါ်တင်ကြည်နှင့် သိကျွမ်း ရင်းနှီးခဲ့သောကြောင့် ဒေါ်တင်ကြည်က အိမ်သို့ မကြာခဏ ရောက်လာသည်။ သူရောက်လာလျှင် ကားဖြင့်ပို့သူ သားကြီးဖြစ်သူ ကိုမိုးဦးကို ပြန်လွှတ်ပြီး နောက် ၂နာရီလောက်မှ ပြန်လာခေါ်လှည့် ဟု ဆိုကာ ကျွန်တော်နှင့် စိမ်ပြေနပြေ စကားပြောကြသည်။ ထိုသို့ပြောရာတွင် အန်တီဒေါ်တင်ကြည်က စိတ်ပါဝင်စားစွာဖြင့် သူ့ဖခင် မြို့မငြိမ်း၏ သီချင်းတွေကို သီဆိုပြသည်။ တိမ်မြုတ်နေသော ယိမ်းသီချင်းတွေကို သီဆိုပြသည်။
ထိုသို့ အသံနေအသံထားဖြင့် ကျကျနန သီဆိုပြရုံသာမက ယိမ်းအဖွဲ့၏ ကကြိုးကကွက်များကိုပင် သတိတရ ထ၍ ကပြသေးသည်။ တစ်ရက်တင် ထိုသို့ သီဆို ကပြခိုက် အမေက အိပ်ရာထဲက ထကာ အခန်းအပြင် ထွက်လာသည်ကို ဒေါ်တင်ကြည်က မြင်သွားသောအခါ ချက်ချင်းပင် သီဆိုကခုန်ခြင်းကိုရပ်ပြီး လက်အုပ်ချီသည်။ “ သြော်.. အမေရှိတာ မသိလို့ပါ။ ကန်တော့ပါတယ် အမေ” ဟု တောင်းပန်တော့ “ ဆိုပါ၊ ဆိုပါ၊ သီချင်းကလည်း ကောင်း၊ အသံကလည်း ကောင်း၊ အခု ကပါပြဦးမယ်ဆိုလို့ ဒို့က ကြည့်ချင်လို့ ထွက်လာတာ၊ ကပါ ကပါ ..” တဲ့။ နောက်တော့ အန်တီ ဒေါ်တင်ကြည့် အသံကြားလျှင် အမေက အခန်းထဲက ထွက်လာပါတော့၏။
အမေက ဇာတ်ကြိုက်ပေမယ့်
——————————
အိမ်မှာTV လေးရောက်လာပြီးနောက် အမေက သူ့မြေးတွေ အလှူခွေကလွဲလို့ ကျန်တာတွေ မက်မက်ကပ်ကပ် မရှိလှ။ ပြောခဲ့သလိုပါပဲ မေဆွိသီချင်းလာလျှင် ခေါင်းထောင် နားစွင့်သည်။ အိမ်မှာ အောက်စက်လေး ရှိသော်လည်း ထိုစဉ်က ခေတ်စားနေသည့် မြန်မာဇာတ်ကားတွေကို ကြည့်လေ့ကြည့်ထ မရှိသောကြောင့် အမေက ဘယ်လိုဇာတ်ကား ဘယ်လို မင်းသား ဘယ်လို မင်းသမီးးတွေကို ကြိုက်မှန်းတော့ မသိခဲ့ပါ။ သို့သော် အမေက ထိုစဉ်ကာလ အသက်ကြီးလာ ချိန်တွင် မုံရွာသို့ တစ်လ ကိုးသီတင်း သွားနေတတ်သည်။
မုံရွာမှာက သမီးအကြီးဆုံးရော သမီးအငယ်ဆုံးရော ရှိသည့်အပြင် ရွာဆွေမျိုးတွေလည်း ရှိသည်။ ထို့ကြောင့် မုံရွာ ဆူးလေကုန်းရပ်က သမီးကြီး မမခင်ရီ၏ အိမ်သို့ သွားရောက် နေထိုင်ပြီး ဘုရားကြီးရပ် ပွဲစားတန်းလမ်းက မမခင်ဝင်း အိမ်သို့ အလည်အပတ်သွား၊ မမခင်ဝင်းက မမခင်ရီ့အိမ်သို့ လာ ၊ အလယ်ရပ်မှာနေသော သူ့တူ ကိုမောင်ဝင်း က ညနေတိုင်း လာ၍ စကားပြော၊ ဤသို့ဖြင့် အမေသည် မုံရွာသို့ သွားရောက်နေထိုင်စဉ် မမခင်ရီ၏ မြေး၊ အမေ့မြစ်တွေက မြန်မာဗွီဒီယိုခွေများငှားကြည့်ကြလျှင် “ဟဲ့.. ဆုမွန်ကျော်တို့ အောင်ဟိန်းကျော် တို့ မင်းသားရဲအောင်ပါတဲ့ ဇာတ်ကား ငှားခဲ့ကြပါဦး” ဟု မှာတတ်သတဲ့။ မုံရွာ မမခင်ရီ့မြေးတွေကတော့ မြန်မာဗီဒီယို ဇာတ်ကားနှင့် နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေကို အတော်နှစ်သက် ကြည့်ရှုကြပုံရသည်။ ထို့ကြောင့်လည်း မမခင်ရီ၏ သားငယ် မောင်မြင့်သူနှင့် မစီစီ တို့က မွေးသည့် အိမွန်ကျော် (ခေါ်) အိမွန်မြင့်သူ က အခု နာမည်ကျော် ဇာတ်ညွှန်းရေး ဆရာမ ခမ်းမွန် ဖြစ်နေပြီလေ။
အခုပြန်စဉ်းစားလိုက်တော့ ငယ်စဉ်ကတည်းက ဇာတ်ပွဲ ကြိုက်လှသည့် အမေသည် TV က တစ်ခါတရံ လွှင့်တတ်သည့် ဇာတ်ပွဲအစီအစဉ်တွေကို မက်မက်ကပ်ကပ်မရှိခဲ့ပေ။ TVမှာ ဘယ်သူ့ဇာတ်က နှစ်ပါးသွား ကြည့်လိုက်ရ တာ ကောင်းလိုက်တာ၊ အရင်က ကျောက်တော်ကြီးပွဲမှာ သူတို့ အဖေ့ဇာတ်ကို ကြည့်ခဲ့ရတဲ့ အလွမ်းပြေ လိုက်တာ စသည့် ပြောဆိုတာမျိုးလည်း မကြားခဲ့ရပေ။ ကျွန်တော်ဖြင့် TV က ဇာတ်သံကြားလို့ (မေဆွိသီချင်းသံ ကြားစဉ်ကလို) အမေ ခေါင်းလှည့်ကြည့်တာ ခေါင်းထောင်ကြည့်တာမျိုးလည်း မမြင်ဖူးခဲ့။ သည်တော့မှ ဒေါ်ဒေါ်လူထုဒေါ်အမာ ထံက ကြားခဲ့ရ သော “ဇာတ်သံ” အကြောင်း သတိရတော့သည်။ သည်လိုပါ။
ဆူးငှက်
