ပိုးသတ်ဆေးမသုံးဘဲ အမာရွတ်ပေါ်မှာ တက်တူးထိုးမယ်ဆိုရင် ဘီပိုး ၊ စီပိုး ရောဂါပိုးတွေကူးစက်နိုင်တယ်

ရန်ကုန် ဖေဖော်ဝါရီ ၅-၂၀၁၉

TGH(VOM)

နည်းစနစ်မကျတဲ့ နည်းလမ်းတွေနဲ့ အမာရွတ်ပေါ်မှာတက်တူးထိုးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးက အသည်းရောင်အသားဝါ ၊ ဘီပိုး ၊ စီပိုး ရောဂါပိုးတွေကူးစက်နိုင်တာကြောင့် အထူးဂရုစိုက်ဖို့လိုအပ်တယ်လို့ အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးကပြောပါတယ်။

“သေချာ ပရော်ဖက်ရှင်နယ်ဖြစ်တဲ့လူမှထိုးမယ်။ စနစ်ကျတဲ့  နည်းလမ်းကိုသုံးမယ်။ တကယ့်တက်တူးဆေး ကိုမှန်မှန်ကန်ကန်သုံးမယ်ဆိုရင်တော့ ကောင်းတယ်။ ဒါပေမယ့် မြန်မာပြည်မှာကတော့ ဘုရားပွဲမှာလည်း ထိုးနေတာပဲ။ ပြောရမယ်ဆိုရင် နိုင်ငံခြားမှာသွားထိုးမယ်ဆိုရင် တက်တူးကလိုင်စင်ရဖို့ လိုတယ်။ လိုင်စင်ရှိဖို့လိုတယ်။ ဘာလို့လိုင်စင်ရှိဖို့လိုလဲဆိုတော့ ဘယ်လိုဆေးကိုသုံးမှာလဲ။ ထိုးတဲ့သူက အတွေ့အကြုံရှိလား ၊အဲဒါမျိုးတွေပေါ်မှာ ကြပ်မတ်ဖို့လိုင်စင်လုပ်တာ။ ဒီမှာက ဘုရားပွဲမှာ ထောင်ဂဏန်းနဲ့ရတယ်။ နောက်ပြီးခုဆို သင်္ဘောဆေးနဲ့ထိုးလို့ရနေတယ်။ ပိုတောင်လှသေးတယ်။ တက်တူးဆေးထက်စိုသေးတယ်။ ဒါပေမယ့်ပြန်ဖျက်ချင်ရင် ဖျက်လို့မရဘူး။ ဒါမြန်မာပြည်မှာပဲရှိတယ်။ ပြောချင်တာက အနည်းဆုံးတော့ပိုးသတ်ထားရမယ်။ ပိုးသတ်မထားဘူးဆိုရင် ပိုးဝင်နိုင်တယ်၊ နောက်တစ် ခါအပ်ကိုသေချာမလုပ်ပဲ ပြန်သုံးတာလည်း ရောဂါပိုးကူးနိုင်တယ်။ ကူးရမယ်လို့မဆိုလိုဘူး။ ဒါပေမယ့် မြန်မာနိုင်ငံက HIV ထက် ဘီပိုး ၊ စီပိုး ပေါတဲ့ နိုင်ငံဆိုတော့ ပိုပြီးတော့ကူးနိုင်တယ်။ ဒါ့အပြင် အသီးတွေ ထတာ ၊ အရည်ကြည်ဖုတွေဖြစ်တာ ၊ အနာတွေဖြစ်တာနောက်ဆက်တွဲဆိုးကျိုးပေါ့။” လို့ ဒေါက်တာ စိုးဝင်းဦးက ပြောပါတယ်။

အမာရွတ်ရှိတဲ့နေရာတွေကို လူမမြင်အောင်ဖုံးချင်လို့ တက်တူးနဲ့ကာကွယ်တာဟာ အန္တရယ်ရှိတဲ့အကြောင်းကို ဒေါက်တာစိုးဝင်းဦးဆက်ပြောတာက

“အမာရွတ်က တခြားဟာတွေနဲ့ ကုသမှုမတိုးတက်ဘူး။ ဒီနေရာက လူမြင်တဲ့နေရာလည်းဖြစ်နေတယ် ဆိုရင်တက်တူးထိုးပြီး ကာဗာယူတာပေါ့။ ဒီခရုသင်း သမင်ဖြူမှာလည်းထိုးကြတယ်။ တက်တူးထိုးပြီး  ယားနာဖြစ်ရင် သောက်ဆေးလိုတယ်။ လိမ်းဆေးတင်မရဘူး။ ဆရာဝန်ပြဖို့လိုတယ်။ တချို့တက်တူးဆေးတွေက အစိမ်းနဲ့မတည့်တာ ၊ အနီနဲ့မတည့်တာတို့ဖြစ်တတ်တယ်။ သန့်ရှင်းရေးကိုဂရုစိုက် ၊ ပိုးသတ်ဆေးသုံး ။ဆရာဆီလည်း လူနာတော်တော်များများ အဲ့ဒီပြဿနာနဲ့လာပြကြတယ်”လို့ ထပ်မံ ပြောပါတယ်။

ကုသဖို့ခက်ခဲတဲ့အမာရွတ်တွေအပေါ်မှာ တက်တူးထိုးတာဟာ option တစ်ခုပင်ဖြစ်တဲ့အတွက် သေချာနည်း လမ်းတကျ နဲ့ ကျွမ်းကျင်ပိုင်နိုင်တဲ့ တက်တူးဆရာတွေကိုရွေးချယ်သင့်သလို ၊ ထိုးပြီးတဲ့အခါမှာလည်း ပုံမှန် အသားအရေပေါ်တက်တူးထိုးသူတွေထက် ဂရုစိုက်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ အကယ်၍ တက်တူးပေါ်မှာ အနာဖြစ်သွားခဲ့ရင်လည်း နီးစပ်ရာဆရာဝန်နဲ့ တိုင်ပင်ကုသဖို့အရေးကြီးသလို ၊ လိမ်းဆေး ၊ သောက်ဆေး စတာတွေကို တိတိကျကျလုပ်ဆောင်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

#VOICEOFMYANMAR#တက်တူးအန္တရယ်

ဓါတ်ပုံ tattoo.com

Related posts

Leave a Comment

VOM News

FREE
VIEW