ကျောက်တော်မြို့ကို ထွက်ပြေးရောက်ရှိလာသူ ၂၅ ဦးကိုဖမ်းဆီးရာမှာ လွှတ်ပေးထားခဲ့သူတစ်ဦးကို ရဲတပ်ဖွဲ့ကပြန်လည်ခေါ်ယူ

ကျောက်တော်၊ ဖေဖော်ဝါရီ ၇-၂၀၁၉

ခိုင်လင်းစံ(VOM)

ချင်းပြည်နယ် ပလက်ဝ မြို့နယ် ချင်းလက်ဝကနေပြီးတော့ ဒေသမတည်မငြိမ်ဖြစ်ပွားနေတဲ့အတွက် ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်မှာ လာရောက်ခိုလှုံဖို့အတွက် ရောက်ရှိလာခဲ့သူ ၂၅ ဦးတို့ကို အခုလ ၃ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေနဲ့အရေးယူဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

အဲဒီ ၂၅ ဦးတို့ကို သံသယနဲ့ဖမ်းဆီးစဉ်မှာပါဝင်သတစ်ဦးဖြစ်တဲ့ ဦးတက်တိုးကို အဲဒီနေ့ကလွတ်ပေးထားခဲ့ပေမယ့် မနေ့က စစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် ပြန်လည်ခေါ်ယူတာကြောင့် ဒီကနေ့မနက်ပိုင်းမှာ မိသားစုတွေကနေ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့ကို လာရောက်အပ်နှံမှုပြုလုပ်သွားဖို့ ရှိနေပါတယ်။

“ဖမ်းဆီးသွားတဲ့ ၂၅ ယောက်ကိုတော့ စစ်တွေမှာရဲစခန်းမှာ ချုပ်ထားပါတယ်။ အဲဒီ ၂၅ ယောက်ကိုဖမ်းတဲ့နေ့မှာပဲ တစ်ယောက်ကိုလွှတ်ပေးထားခဲ့ပါတယ်။ သူနဲ့မသက်ဆိုင်ဘူးဆိုပြီးတော့။ အဲဒါကို မနေ့ ရဲတပ်ဖွဲ့ကနေ စစ်ဆေးစရာတွေရှိတယ်ဆိုပြီး ပြန်ခေါ်တယ်။ အခုမိသားစုတွေ ရဲစခန်းကိုအပ်ဖို့သွားပါတယ်။”လို့ ကျောက်တော်ဒေသခံ ဦးဇော်ဝင်းကပြောပါတယ်။

အဲဒီဖမ်းဆီးခံထားရသူတွေဟာ ကျောက်တော်နဲ့ ချင်းလက်ဝဒေသတွေမှာ ကုန်သွယ်စီးပွားရေးလုပ်ကိုင်နေကြသူတွေ ဖြစ်ကြပြီး တိုက်ပွဲတွေရှိနေတဲ့အတွက် ကျောက်တော်မြို့မှာ ယာယီနေထိုင်ဖို့အတွက် အစီစဉ်ချရန် ရောက်ရှိလာခဲ့ကြသူတွေဖြစ်ကြပါတယ်။

“သူတို့ကို ရဲကဖမ်းဆီးတယ်ဆိုတာကတော့ နည်းနည်းတရားလွန်တယ်ဗျ။ သူတို့က ကျောက်တော်မှာလည်းနေတယ်။ ချင်းလက်ဝမှာလည်းနေတယ်။ စီးပွားရေးလုပ်နေကြသူတွေပါ။ အဲဒီမှာ အခြေအနေမကောင်းလို့ ကျောက်တော်မှာနေဖို့ အတွက် အစီစဉ်ချမယ်ဆိုပြီးတော့ ကြိုပြီးလာခဲ့ကြတာပါ။ ဒါကို မိန်းမတွေမပါဘဲ ယောက်ျားတွေသီးသန့်မို့လို့ မသင်္ကာလို့ ဖမ်းတယ်ဆိုတာ မဖြစ်သင့်ဘူး။ ပြီးတော့ သူတို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုလည်း အကြောင်းကြားထားတာပါ။”ဟု ဆက်လက်ပြောကြားပါတယ်။

အဲဒီဖမ်းဆီးခံထားရသူတွေကိုတော့ ရဲတပ်ဖွဲ့က အထူးအဖွဲ့ဖွဲ့စည်းပြီးတော့ စစ်ဆေးမှုတွေပြုလုပ်နေတဲ့အတွက် တွေ့ဆုံခွင့်မရရှိဘဲဖြစ်နေကြောင်း ဦးဇော်ဝင်းကပြောပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့ကနေ ကုလားတန်မြစ်အထက်ပိုင်းဒေသတွေကို သွားလာနေတဲ့ ခရီးသည်ပို့ဆောင်ရေး ရေယာဉ်လိုင်းတွေနဲ့ ခရီးသည်တွေကို စစ်ဆေးမှုပြုလုပ်တာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

#voiceofmyanmar#ကျောက်တော်

Related posts

Leave a Comment

VOM News

FREE
VIEW