ဝန်ကြီးနှစ်ပါး နှုတ်ထွက်ပေးဖို့ ကရင်နီလူငယ်များတောင်းဆို

လွိုင်ကော် ဖေဖေါ်ဝါရီ ၁၁-၂၀၁၉

ထူးသာဦး (VOM)

ဗိုလ်ချုပ်ကြေးရုပ်ထုကိစ္စဖြစ်မြောက်ဖို့ ဦးဆောင်ခဲ့တဲ့ ကယားပြည်နယ် ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာကိန်းဝန်ကြီး ဦးမော်မော်ကိုနှုတ်ထွက်ပေးဖို့ ကရင်နီလူငယ်ထုကတောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ကယားပြည်နယ်လွှတ်တော်ဝင်းမှာရှိတဲ့ ဟစ်တိုင်ရင်ပြင်မှာ ကြေးရုပ်ထုကိစ္စနဲ့ပတ်သက်ပြီးဆန္ဒပြပွဲမှာ ကရင်နီလူငယ်တွေကတောင်းဆိုလိုက်တာပါ။ ကြေးရုပ်ထုကိုတည်ပြီး လွိုင်ကော်ကို ခိုးကြောင်ခိုးဝှက်ယူလာပြီးနောက်ပိုင်း ပြည်နယ်တွင်းမှာ ပြသနာဖြစ်တာတွေ၊ လူထုအချင်းချင်းကြားမှာစိတ်ဝမ်းကွဲတာတွေဖြစ်နေတဲ့အပြင် လူငယ် ငါးဆယ်ကျော်တရားစွဲဆိုခံနေရတာတွေဟာ ရုပ်ထုစတင်ခဲ့တဲ့ ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုနဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်မှာ တာဝန်ရှိပေမဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိတာကြောင့် နုတ်ထွက်ပေးဖို့ လိုတယ်လို့ ကရင်နီလူငယ်တစ်ဦးဖြစ်တဲ့ ခူးကြူးဖဲကေးက ဒီနေ့ဆန္ဒပြပွဲမှာပြောပါတယ်။

” ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးဦးမော်မော် အလိုက်တသိနှုတ်ထွက်ပေးပါ၊ ဒီကြေးရုပ်ကိစ္စကို ကျနော်တို့က ကိုယ့်ဌာနေတိုင်းရင်းသားအခွင့်အရေးအတွက်ကန့်ကွက်တယ် ဒါကိုလူငယ် ငါးဆယ်ကျော်ကိုတရားစွဲတယ် ၊ ပြီးတော့ ကြေးရုပ်စိုက်ထူဖို့ကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်တွင်းကလူထုတွေကိုရန်တိုက်တယ်၊ ဒါတွေအားလုံးအတွက်ဝန်ကြီးချုပ်နဲ့ ဦးမော်မော်မှာ တာဝန်ရှိတယ် သူတို့ကကြေးရုပ်ထုကိစ္စ စခဲ့သူတွေကိုး ဒါပေမယ့် အဲ့ကိစ္စအတွက် သူတို့ ဘာတာဝန်မှမယူတော့ သူတို့အနေနဲ့ နှုတ်ထွက်ပေးပါ” လို့ ပြောသွားပါတယ်။

 

ဒီကနေ့ဆန္ဒ ထုတ်ဖော်ပွဲကို ပြည်မက အင်အားစုတွေ လာရောက်ဝန်းရံတာကိုတွေ့ခဲ့ရပါတယ်။ ဗမာတိုင်းရင်းသားတစ်ယောက်အနေနဲ့ ဗိုလ်ချုပ်ကြေးရုပ်ထုထားတာကိုအကောင်းမြင်ပေမယ့် တိုင်းရင်းသားဒေသတွေမှာတော့ တိုင်းရင်းသားတွေရဲ့သဘောထားကို အလေးထားသင့်ပြီး သူတို့လက်မခံရင်မထားသင့်ဘူးလို့ ပြည်မကလာရောက်ဝန်းရံတဲ့ ကိုရဲဝေဖြိုးအောင်ကပြောပါတယ်။

 

” ကျနော်က ဗမာအမျိုးသားတစ်ယောက်ပါ ဗိုလ်ချုပ်ကြေးရုပ်ထုထားတယ်ဆိုတာ ကောင်းတဲ့ကိစ္စပါ ဒါပေမဲ့တိုင်းရင်းသားနယ်မြေမှာတော့ သူတို့ရဲ့သဘောထားအသံတွေကိုနားထောင်သင့်တာပေါ့ အခုကရင်နီအမျိုးသားတွေပြောနေတာက ဗိုလ်ချုပ်ကို သူတို့မုန်းတာမဟုတ်ဘူး ဒါပေမဲ့အခုကရုပ်ထုထက် ပင်လုံကတိကဝတ်ကိုလိုအပ်တာပေါ့နော် ပြီးတော့တကယ့်လိုအပ်နေတဲ့ ဖွံ့ ဖြိုးရေးတွေအရင်မလုပ်ဘဲ ဘာမဟုတ်တဲ့ရုပ်ထုလိုက်ထုနေတာကို ကန့်ကွက်တယ်ဆိုတဲ့သဘောထားပေါ်မှာ ကျနော်တို့က တစ်သားတည်းရှိတယ်” လို့ပြောသွားပါတယ်။

 

လူငယ်များအနေနဲ့ ကြေးရုပ်ထုကိုဖျက်သိမ်းပေးဖို့၊ မဖြစ်မနေလုပ်မည်ဆိုရင် တပြည်နယ်လုံးမဲပုံးထောင်ပြီး ပြည်သူ့ဆန္ဒ ခံယူဖို့ ၊NLD အနေဖြင့် ရုပ်ထုကို မဖြစ်မနေထားရှိမည်ဆိုပါက အများပြည်သူပိုင် ပန်းခြံတွင်မထားရှိဘဲ ပါတီနဲ့ သက်ဆိုင်တဲ့နေရာမှာထားဖို့၊ ပရဟိတအသင်းကလုပ်မည်ဆိုရင်လည်း ပရဟိတနှင့်သက်ဆိုင်သည့်နေရာတွင်ထားရှိဖို့ စသည့်အချက်များကို တောင်းဆိုထားပါတယ်။

 

တောင်းဆိုချက်တွေကို အစိုးရဘက်မှလက်ခံညှိနှိုင်းပေးတာမရှိဘဲ သပိတ်ဆင်နွှဲတဲ့ ကရင်နီလူငယ် ၅၀ ကျော်ကို ငြိမ်းစုစည် ပုဒ်မ ၁၉၊ ၂၀ ဖြင့် တရားစွဲဆိုထားတယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW