တိုက်ပွဲတွေကြောင့် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးကားလမ်းဖောက်လုပ်မှု ရပ်နားထားရ

ပလက်ဝ ဖေဖော်ဝါရီ ၁၂-၂၀၁၉

မိုင်ချယ်ရီ (VOM)

ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းမှာ တပ်မတော်နဲ့ AA ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံက တာဝန်ယူဖောက်လုပ်ပေးနေတဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးကားလမ်း ဖောက်လုပ်မှု လုပ်ငန်းအချို့ ရပ်နားထားရတယ်လို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးရွှေထီးအို က ပြောပါတယ်။

ပလက်ဝမြို့နယ် အတွင်းမှာ တပ်မတော် နဲ့ AA ကြား ၂၀၁၅ ခုနှစ် အတွင်းကနေ စတင်ပြီးတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပေမယ့် ၂၀၁၈ ခုနှစ် အတွင်းမှာပိုမို ပြင်းထန်လာတာကြောင့် အိန္ဒိယနိုင်ငံက အကူအညီပေး တာဝန်ယူဖောက်လုပ်နေတဲ့ ပလက်ဝမြို့နဲ့ အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ် ဇိုရင်ပူ ဆက်သွယ်တဲ့ နယ်စပ်ကုန်သွယ်ရေးကားလမ်းဖောက်လုပ်တဲ့ လုပ်ငန်း ခွင်အချို့ ရပ်နားထားရတာ ဖြစ်ပါတယ်။ ရပ်နားထားတဲ့ လမ်းပိုင်းကတော့ ၄၃ ကီလိုမီတာကနေ ၁၀၉ ကီလိုမီတာအကြား ဖြစ်တယ်လို့ ၀န်ကြီး က ပြောပါတယ်။

ဝန်ကြီး ဦးရွှေထီးအို က “ရပ်တယ်ဆိုတာက လုံးဝ ရပ်တာမဟုတ်ဘူး။ သတင်းဆိုတဲ့ နေရာမှာ ရပ်တယ်။တည်ငြိမ်သွားပြီ ဆိုရင် ပြန်လုပ်တယ်” လို့ ပြောပါတယ်။

ပလက်ဝမြို့နဲ့ ကို ဖြတ်သွားတဲ့ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးကားလမ်း ၁၀၉ ဒသမ ၂ ကီလိုမီတာ အကွာအဝေးကို ၂၀၁၇ ခုနှစ် အတွင်းကနေ စတင်ပြီးတော့ အိန္ဒိယနိုင်ငံကနေ ၂ လမ်းသွားကားလမ်းအဖြစ်နဲ့ ဖောက်လုပ်ပေးနေတာ ဖြစ်ပါတယ်။ဒီကာလမ်း ကို ၂၀၂၀ ခုနှစ် နှစ်ကုန်ခါနီးမှာ ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားပေမယ့် အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် သတ်မှတ်ထားတဲ့ အချိန် ဖွင့်လှစ်နိုင်ပါ့မလား ဆိုတာကို ဒေသခံပြည်သူတွေက စိုးရိမ်နေကြပါတယ်။ ပလက်ဝမြို့နယ် ဟာ ချင်းပြည်နယ် တောင်ပိုင်း အစွန်ဆုံးမှာ ရှိတဲ့ မြို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် ဒီကားလမ်းပြီးရင် နယ်စပ်ကုန်စည်စီးဆင်းမှု ပိုမိုလုပ်နိုင်လာနိုင်ပြီး ဒေသခံတွေရဲ့ လူမှုစီးပွားဘ၀ တိုးတက်လာနိုင်တာကြောင့် ဒီလမ်းအမြန်ဆုံး ပြီးစီးဖို့ကိုလည်း ဒေသခံတွေက လိုလားနေကြတာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW