ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင်စခန်းမှာ ရေတွေကို ခွဲဝေသုံးစွဲနေရ

ရသေ့တောင်၊ ဖေဖော်ဝါရီ ၁၈-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမကြာခဏ အပြင်းအထန်ဖြစ်ပွားနေတဲ့ ဒေသတစ်ခုဖြစ်တဲ့ ရသေ့တောင်မြို့နယ်က ပဲသတူစစ်ဘေးရှောင်စန်းမှာ ရေရှားပါးမှုကြောင့် သောက်သုံးရေတွေကို ခွဲဝေသုံးစွဲနေကြရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီစခန်းမှာရှိနေတဲ့ စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာကုန်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ ဗောဓိကုန်း ကျေးရွာသားတွေဖြစ်ကြပြီး လက်ရှိနေထိုင်တဲ့ ပဲသတူကျေးရွာမှာ သောက်သုံးရေ ပြတ်လပ်သွားနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

“အစကတော့ ကျွန်တော်တို့ လိုအပ်တဲ့ရေတွေကို ရွာသားတွေအသုံးပြုနေတဲ့ တွင်းကနေ အသုံးပြုခဲ့ကြတာပေါ့။ အခုက ရေတွေခမ်းလာတော့ သောက်သုံးရေအတွက် တော်တော်လေးကို အခက်အခဲဖြစ်နေပါတယ်။”လို့ စခန်းမှာနေထိုင်သူ တစ်ဦးကပြောပါတယ်။

ပဲသတူကျေးရွာဟာ ရေရှားပါးတဲ့ ဒေသတစ်ခုဖြစ်ပြီး ကျေးရွာတစ်ရွာလုံးဟာ လက်ရှိအသုံးပြုနေတဲ့ ရေတွင်းလေးကိုပဲ အမှီပြုနေကြရတာဖြစ်ပြီး ကျန်ရှိတဲ့ရေတွေကို ရေရှည်အသုံးပြုနိုင်ရေးအတွက် မိသားစုတစ်စုကို တနေ့ ရေအိုးလေးလုံးသာ ခွင့်ပြုထားခြင်းဖြစ်ပါတယ်။

“ရေအခက်အခဲဖြစ်တာ နှစ်ပတ်လောက်ရှိနေပါပြီ။ ရေခမ်းလာတဲ့အတွက် ရွာသားတွေကလည်း သူတို့ကို သောက်ရေ လောက်ပဲ ခွင့်ပြုပေးထားပါတယ်။ သုံးရေဆိုတာတော့ မရှိဘူး။ နောက်တစ်နေရာမှာ ရေတွင်းတူးထားတာရှိတယ်။ ဒါပေမယ့် အဲဒီရေကတော့ ဆားငံတယ်။ ဆားငံလည်းပဲ ရှိတဲ့ရေကိုတစ်နည်းနည်းနဲ့ အသုံးပြုလို့ရအောင်တော့ ကြိုးစားနေပါတယ်”လို့ ရခိုင်တိုင်းရင်းသားလူမျိုးများ အစည်းအရုံး REC အဖွဲ့မှ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

အဲဒီစခန်းက စစ်ဘေးရှောင်တွေဟာ သက်ပြည်ကျကျေးရွာမှာ ကနဦးနေခဲ့ကြပြီးတော့ အခုလိုအခက်အခဲတွေရှိနိုင်တဲ့ အတွက် ပဲသတူကျေးရွာကို ပြောင်းရွှေ့ခဲ့ကြတာဖြစ်ပြီး အဲဒီစခန်းမှာ မိသားစု ၃၂ စု၊ လူဦးရေ ၁၈၃ ဦးနေထိုင်နေကြတာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW