မင်းဖူးရွာက ကျည်ထိဒဏ်ရာရသွားတဲ့ကလေးငယ်ကို စစ်တွေဆေးရုံသို့ပို့ဆောင်

ရသေ့တောင်၊ ဖေဖော်ဝါရီ ၂၁၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရသေ့တောင်မြို့နယ် မေယုကမ်းဒေသ မင်းဖူးကျေးရွာအနီး မနေ့က မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ကျေးရွာသား တစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

 

ကျည်ထိမှန်တဲ့ကလေးငယ်ဟာ အသက် ၄ နှစ်အရွယ်ရှိတဲ့ မကေသီစိုးဖြစ်ပြီး ကျည်ထိဒဏ်ရာဟာ စိုးရိမ်ရတဲ့အနေအထား မဟုတ်ဆိုပြီး ကျေးရွာမှာဆေးဝါးကုသမှုတွေပြုလုပ်ပေးထားခဲ့ရာ နောက်ပိုင်းမှာ နှာခေါင်းသွေးယိုစိမ့်မှုတွေဖြစ်လာတဲ့ အတွက် ဒီမနက်ပိုင်းမှာ စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

 

“မနေ့က ကျည်ချန်ပြီးတော့ ထိသွားလို့ဒဏ်ရာရတဲ့ကလေးကို ဒီမနက်ကပဲ စစ်တွေဆေးရုံကိုပို့ဆောင်လိုက်ပါတယ်။ အခုကားနဲ့သွားနေတုန်းပါပဲ။ မနေ့ကတော့ ဒဏ်ရာနည်းနည်းလေးဆိုပြီးတော့ ဆေးဝါးတွေထည့်ပေးထားလိုက်တယ်။ ဒါပေမယ့် ငယ်ထိပ်တည့်တည့်မှာဖြစ်တဲ့အတွက် နှာခေါင်းသွေးယိုတာတွေဖြစ်လာလို့ အခုဆေးရုံကို ပို့လိုက်တာပါ”လို့ မင်းဖူးကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

 

မနေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာတော့ တပ်မတော်စစ်ကြောင်းက ကျေးရွာသားတွေကို ခေါ်ယူစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး ကျေးရွာအတွင်းပစ်ခတ်မှုတွေပြုလုပ်ရာမှာ ကလေးတစ်ဦးဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးငယ်တစ်ဦး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

 

“တပ်မတော်ကနေ နေအိမ်တွေကိုပစ်ခတ်သွားတယ်။ အဲ့ဒါကြောင့် အခုလိုဖြစ်ရတာပါ။ ရွာထဲမှာနေပြီးတော့ တိုက်ပွဲပြီးတဲ့အချိန်မှ နေအိမ်တွေကို ပစ်တဲ့အတွက် သေဆုံးရတာဖြစ်ပါတယ်။ မနေ့ကသေဆုံးသွားတဲ့ကလေးမလေးကိုတော့ မနက်ဖြန်မှ သဂြိုင်္ဟ်မှာဖြစ်ပါတယ်။ နေ့လည် ၁နာရီမှာကျေးရွာမှာပဲ သဂြိုင်္ဟ်မှာပါ။”လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

 

ရသေ့တောင်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် AA တို့အကြားတိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကျေးရွာအတွင်းပစ်ခတ်မှုကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိသူတွေအပြင် သေဆုံးသူနှစ်ဦးအထိရှိလာနေပြီဖြစ်သည်။

 

#voiceofmyanmar#ရသေ့တောင်#AA

 

 

Related posts

Leave a Comment

VOM News

FREE
VIEW