မူးယစ်ဆေးသယ်ဆောင်လာသူတွေရဲ့နေအိမ်က ကျည်ဆံတွေတွေ့

တောင်ကုတ်၊ ဖေဖော်ဝါရီ ၂၁-၂၀၁၉

ခိုင်လင်းစံ (VOM)

 

တောင်ကုတ်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ဆိုင်ကယ်စီးလာတဲ့ ဒေသခံလူငယ်နှစ်ဦးကို ပန်းတောင်းလမ်းထဲ စစ်ဆေးရာမှာ ဆိုင်းကယ်ဘောက်အတွင်းကနေ wy စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။

 

အဲဒီလူငယ်တွေဟာ မောင်ဖြိုးဟိန်းနဲ့ မောင်ကျော်မင်းထက် (ခ) ဖိုးချိုတို့ နှစ်ဦးဖြစ်ပြီးတော့  သူတို့ရဲ့နေအိမ်တွေကို သွားရောက်ရှာဖွေရာမှာ ကျည်ဆံတွေကို ထပ်မံဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

 

“မောင်ဖြိုးဟိန်းနဲ့ မောင်ကျော်မင်းထက်(ခ) ဖိုးချိုတို့စီးလာတဲ့ ဆိုင်ကယ်ကို စစ်ဆေးတဲ့အခါမှာ စိတ်ကြွဆေးပြား ၁၉၀ ကို ဖမ်းမိခဲ့ပါတယ်။ သူတို့နေအိမ်တွေကို သွားရှာတဲ့အခါမှာတော့ ၉ မမ ကျည်ဆံ ၅၉ တောင့်နဲ့ ၅ ဒသမ ၅၆ ကျည်ဆံ အတောင့် ၈၀ ကိုထပ်ပြီးတော့ သိမ်းဆည်းရမိခဲ့တာပါ။ မောင်ဖြိုးဟိန်းရဲ့နေအိမ်ကနေ စက္ကူပုံးတွေနဲ့ထည့်ထားတာကို ရှာဖွေတွေ့ရှိခဲ့တာပါ။”လို့ တောင်ကုတ်မြို့မရဲစခန်းမှူး ရဲမှူးလှတင့်ကပြောပါတယ်။

 

သူတို့နှစ်ဦးကိုတော့ သက်သေခံပစ္စည်းတွေနဲ့အတူ တောင်ကုတ်မြို့နယ် တရားရုံးမှာ ချုပ်ရမန်ယူပြီး တောင်ကုတ်မြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

 

“နေအိမ်က ကျည်ဆံတွေသိမ်းဆည်းရမိခဲ့တဲ့ မောင်ဖြိုးဟိန်းကိုတော့ လက်နက်မှု ၁၉ (စ)နဲ့ သီးခြားအမှုဖွင့်ထားတယ်။ နောက်ပြီးတော့ မူးယစ်မှုနဲ့ နှစ်ယောက်စလုံးကို ဖွင့်ထားပါတယ်။ စစ်ဆေးမှုတွေဆောင်ရွက်နေပါတယ်။”လို့ စခန်းမှူးကပြောပါတယ်။

 

သူတို့နှစ်ဦးမှာ တောင်ကုတ်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဂူတာရပ်ကွက်နဲ့ သိမ်တောင်ရပ်ကွက်တွေမှာ နေထိုင်သူတွေဖြစ်ကြပြီးတော့ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးထားတာဖြစ်ပါတယ်။

 

#voiceofmyanmar#တောင်ကုတ်#ရသေ့တောင်#မူးယစ်ဆေး#ကျည်ဆံ

 

Related posts

Leave a Comment

VOM News

FREE
VIEW