ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ဆက်စပ်တယ်ဆိုပြီး မင်းဖူးကျေးရွာသားနှစ်ဦး ထိန်းသိမ်းခံရ

ရသေ့တောင်၊ ဖေဖော်ဝါရီ ၂၁-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် မေယုကမ်းဒေသမှာရှိတဲ့ မင်းဖူးကျေးရွာအနီး မနေ့က မနက်ပိုင်းမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါတယ်။

 

အဲဒီပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ မင်းဖူးကျေးရွာသားနှစ်ဦးကို တပ်မတော်က ထိန်းသိမ်းထားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

 

“မနေ့က ကျွန်တော်တို့ရွာသားနှစ်ဦးကို တပ်မတော်က ဖမ်းဆီးသွားပါတယ်။ ဘာကြောင့်ဖမ်းလဲဆိုတော့ မနေ့ကမနက်ပိုင်းမှာ ပေါက်ကွဲမှုဖြစ်တာနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းသွားတာပါ” လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

 

တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တပ်မတော်က ကျေးရွာသားတွေကို ခေါ်ယူစစ်ဆေးမှုတွေ ရှိခဲ့ပြီး ညနေပိုင်းမှာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။

 

“ရွာသားတွေကို စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ နှစ်ယောက်ကိုတော့ ခေါ်သွားပြီးတော့ ကျန်တဲ့ရွာသားတွေကိုတော့ လွှတ်ပေးခဲ့ပါတယ်။ ဒီနေ့တော့ ရွာမှာ စစ်သားတွေ မရှိတော့ဘူး” လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

 

ဖမ်းဆီးခံရသူတွေဟာ ဦးသန်းဖေ ၄၈ နှစ်နဲ့ ဦးဝေဖြိုးထွန်း ၃၂ နှစ်တို့ဖြစ်ကြပြီး တပ်မတော်က ခေါ်ဆောင်သွားတာကြောင့် ဘယ်နေရာမှာရှိနေတယ်ဆိုတာကို မသိရှိရသေးဘူးလို့ ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW