ဆင်နဲ့  တောရိုင်းတိရိစ္ဆာန်တွေကို ဝိုင်းဝန်းကာကွယ်ပေးဖို့လို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

TGH (VOM)

တောဆင်ရိုင်းနဲ့ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တိရိစ္ဆာန်တွေကို သတ်ဖြတ်နေမှု အပါအ၀င် အစိတ်ပိုင်းတွေ တရားမ၀င်သယ်ဆောင်မှု၊ လက်ဝယ်ထားရှိ ရောင်းဝယ်ဖောက်ကားမှုတွေအပေါ် ပြစ်ဒဏ်တွေ တိုးမြှင့်သတ်မှတ်ထားတာကြောင့် ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းမှာ တောရိုင်းဆင်တွေ သတ်ဖြတ်ခံရမှု သိသိသာသာ လျော့ကျလာတယ်လို့ ရန်ကုန်တိုင်း သစ်တောဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောပါတယ်။

 

“ အရင်က ဥပဒေမှာက ထောင် ၇ နှစ်ထိချနိုင်တယ် ၊ ငွေဒဏ်လည်းသတ်မှတ်နိုင်တယ်ဆိုတာပါတယ်။ ခုဥပဒေအသစ်မှာက မဖြစ်မနေထောင်ဒဏ်ကျခံရမယ်ဆိုတာပါလာတယ်။ ဥပဒေဘက်ကနေ ခုလိုထိထိရောက်ရောက်တွေလုပ်ဆောင်တဲ့အလျောက် သူတို့ဘက်ကဘည်း လုပ်ဖို့အခွင့်အရေးလျော့လာတယ်။ နောက်ပြီး အစိတ်အပိုင်းတွေနဲ့လုပ်တဲ့ပစ္စည်းတွေလည်း ဈေးကွက်ကဆိုင်တွေမှာ တရာဝင်ရောင်းတာတွေမရှိတော့ဘူး။ မှောင်ခိုဈေးကွက်လည်းရောင်းကောင်းရောက် နိုင်ပါတယ်။ ဒါပေမယ့် ပြည်ပကို မထွက်ဖို့အတွက် ရေဆိပ် ၊ လေဆိပ် အဝေးပြေးဂိတ်တွေကနေ  ပညာပေး တာတွေလုပ်တယ်။ လေဆိပ်ဆိုရင်လည်း အိတ်စ်ရေးဖြတ်ရင် အစိတ်ပိုင်းသယ်လာရင် ဘယ်လိုပုံရိပ်ပေါ် တယ်ဆိုတာမျိုးကအစ စာတွေ လက်တွေ့ပို့ချထားတယ်။ သယ်ဆောင်ရင် ဥပဒေရအရေးယူရနိုင်တယ်ဆိုတာတွေ ဘုတ်ထောင်ထားပေးတယ်။ ရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းမှာ ဆင်သတ်ဖြတ်ခံရမှုမရှိတာ တစ်နှစ်လောက်ပြည့်တော့မယ် ။”လို့  ဦးသိန်းတိုးကဆိုပါတယ်။

 

လက်ရှိမှာတော့ တောဆင်ရိုင်းတွေ အသတ်ဖြတ်ခံနေရတာတွေ မရှိစေဖို့အတွက် တိုင်းအစိုးရပါဝင်လှုပ်ရှားမှုနဲ့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၊ မြန်မာ့သစ်လုပ်ငန်း ပါဝင်တဲ့ အဖွဲ့တွေက တောတွေထဲမှာ လှည့်လည်စစ်ဆေးနေသလို နောက်တိုးအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနပူးပေါင်း ပါဝင်မှုနဲ့ တိုင်းစစ်ဌာနချုပ်တွေနဲ့ ပေါင်းပြီး မြေပြင်ကွင်းဆင်းမှုအနေနဲ့ တောဆင်ရိုင်းတွေဖြတ်သန်းသွားလာတဲ့နောက်တွေကို လူ ၂၀ လောက်နဲ့ လှည့်လည်စစ်ဆေးနေတယ်လို့ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ တောဆင်ရိုင်းကောင်ရေ ၃၅ ကောင် သတ်ဖြတ်ခံရပြီး ၂၀၁၆ ခုနှစ်မှာဆိုရင် ၂၆ ကောင် ၊ ၂၀၁၇ ခုနှစ်မှာတော့ တောဆင်ရိုင်းကောင်ရေ ၅၇  ကောင် သတ်ဖြတ်ခံခဲ့ရပါတယ်။ ယခုလို ၅၇ ထိ တိုးမြင့် သတ်ခံလာရတာဟာ ဈေးကွက်အနေနဲ့ကြည့်ပါက ၀ယ်လိုအားကောင်းနေတယ်လို့ ဆိုနိုင်ကြောင်းသိရပါတယ်။

 

ဥပဒေအသစ်ထွက်ပြီး နောက်ပိုင်း အောက်တိုဘာလမှာတော့ ရန်ကုန်ကို ဆင်နဲ့ ဆင်ကဲ့သို့ လုံးဝကာကွယ်ထားတဲ့  မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တောရိုင်းတိရိစ္ဆာန်တွေ အစိတ်အပိုင်းတွေ ၊ အစိတ်အပိုင်းနဲ့ပြုလုပ်ထားတဲ့ အမှတ်တရလက်ဆောင်ပစ္စည်းတွေ စတာတွေကို ရောင်းဝယ်မှု တရားဝင်တား မြစ်ကန့်သတ်ကြောင်း အစိုးရပိုင်းကနေ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

 

ရန်ကုန်မြို့ထဲမှာတော့ ရွှေတိဂုံဘုရား ပတ်ဝန်းကျင်နဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေးကို အဓိက လုပ်ဆောင်ထား ကြောင်းနဲ့ အသိပညာပေးမှုတွေလည်း လုပ်ထားတယ်လို့ဆိုပါတယ်။ဒါ့အပြင် ပရဆေးဆိုင်တွေမှာလည်း ဆင်ခန္ဒာကိုယ်နဲ့ပတ်သက်တဲ့ ဆင်အရေခွံ စတာတွေကို ရောင်းဝယ်မှုမပြုလုပ်ဖို့ လိုအပ်တယ်လို့ဆိုပါတယ်။

“ ရန်ကုန်တိုင်းမှာက အခြေခံစာရင်းကောက်ရတယ်။ ကောက်ထားတဲ့ဆိုင်တွေ နံပတ်တွေနဲ့ရှိတယ်၊ ခုဆို သူတို့ မရောင်းတော့ဘူး။ ဒီဟာရောင်းမှ သူတို့လည်း စီးပွားရေးဖြစ်တာမဟုတ်ဘူးလေ။ အချိန်တော့နည်းနည်းပေးရ တာပေါ့။ တစ်ခုတော့ရှိတာပေါ့ ဒီလိုလုပ်လိုက်တာကြောင် မှောင်ခိုဈေးကွက် ပိုကြီးသွားနိုင်တယ်။ ဈေးလည်းပိုကြီးသွားနိုင်တယ်။ ဒါကို အစိုးရပိုင်းကလိုက်ရမယ်။ အစိုးရဘက်ကလည်းကြိုးစားနေပါတယ်။ ဘယ်လိုလုပ်ဆိုတာမျိုးတော့ ပြောတာမျိုး မရှိဘူး။ ဒါပေမယ့် အစိုးရကိုပံ့ပိုးမှုပေးပမယ်။ အစိုးရပိုင်းကပဲ အာဏာရှိတာကြောင့်ဖြစ်တယ်။အရင်ကတည်းက မှောင်ခိုဈေးကွက်နဲ့ပတ်သက်လို့ အစိုးရကလုပ်တယ်။ ခုက ထပ်ပြီးပိုတိုးချဲ့ပြီလုပ်ရမယ်ပေါ့။ အခြေအနေဘယ်လိုရှိလဲဆိုတာကို စာရင်းပြုစုတာလုပ်ရအုံးမယ်”လို့ WWF မြန်မာရဲ့ မိတ်ဖက်ဖွဲ့ရေး ညွှန်ကြားရေးမှူး ဒေါ်မေမိုးဝါးက ပြောပါတယ်။

 

တကယ်လို့သာ တောဆင်ရိုင်းတွေ သတ်ဖြတ်ခံနေရတဲ့ကိစ္စကို ခုချိန်မှာသာ အားလုံးပူးပေါင်းပါဝင်ပြီး မထိန်း သိမ်းဘူးဆိုရင် ဒါမှမဟုတ် တစ်ပတ်ကို ဆင်တစ်ကောင်နှုန်းသာ သတ်ဖြတ်ခံနေရမယ်ဆိုရင် နောင်လာမယ့် ဆယ်စုနှစ်အတွင်းမှာ ဆင်တွေကို အရုပ်ရေးဆွဲပြရမယ့်အဆင့်ကိုရောက်ရှိမှာဖြစ်သလို လုံးဝမျိုးတုန်းပျောက် ကွယ်သွားနိုင်တယ်လို့ ဆိုပါတယ်။မြန်မာ့ သစ်လုပ်ငန်းမှာ ထိန်းသိမ်းထားတဲ့ ဆင်စခန်းတွေက ဆင်တွေနဲ့ အိမ် မွေးဆင်တွေသာ ကျန်ရှိတော့မှာဖြစ်ပါတယ်။

 

လက်ရှိမှာတော့ တောဆင်ရိုင်းတွေကို သတ်ဖြတ်တာတွေအပြင်  အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းသုံးဆင် ၊ မွေးမြူထားတဲ့ဆင်တွေကိုပါ ပစ်မှတ်ထား သတ်ဖြတ်လာတယ်လို့လည်း သိရပါတယ်။ ယနေ့ မြန်မာနိုင်ငံရဲ့ သဘာဝသစ်တောနယ်မြေတွေမှာ တောဆင်ရိုင်းကောင်ရေ ခန့်မှန်း ၁၀၀၀ ကနေ ၁၅၀၀ ၀န်းကျင်ထိရှိနိုင်ကြောင်းနဲ့  အစိုးရနှင့် ပုဂ္ဂလိကပိုင် မှတ်ပုံတင်ထားတဲ့ ဆင်ကောင်ရေက ၃၀၀၀ ကနေ ၅၀၀၀ ခန့်အထိရှိတယ်လို့သိရပါတယ်။

 

တောဆင်ရိုင်းတွေ သတ်ဖြတ်ခံရနေရမှုနဲ့ပတ်သက်လို့ ဒေသနေပြည်သူတွေကိုအသိပညာပေးမှုတွေလည်း ပြုလုပ်နေရာ အကယ်လို့ ဆင်တစ်ကောင် ရွာထဲဝင်ရောက်လာခဲ့မယ်ဆိုရင် ၀ါးအစိမ်းကို မီးဖုတ်ပြီး ခြောက်လှန့် တာ ၊ ဗျောက်အိုးဖောက်ခြောက်လှန့်တာတွေပြုလုပ်နိုင်ကြောင်း ၊ ဆင်ထိန်းသိမ်းရေးလုပ်ငန်းတွေဆောင်ရွက် နေချိန်မှာ အစိုးရတစ်ခုတည်းလုပ်ဆောင်ခြင်းထက် ပြည်သူလူထုပါဝင်ပူးပေါင်းမှု အဓိကအခန်းကဏ္ဍအဖြစ်လည်း ပါဝင်နေတယ်လို့ဆိုပါတယ်။ ဒါကြောင့် အသိပညာပေးမှုတွေကို ဆက်တက်ပြု လုပ်နေတယ်လို့ဆိုပါတယ်။

 

#voiceofmyanmar#ဆင်#တောရိုင်းဆင်ဆင်နဲ့ တောရိုင်းတိရိစ္ဆာန်တွေကို ဝိုင်းဝန်းကာကွယ်ပေးဖို့လို

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW