အေအေမှ ဖမ်းဆီးခေါ်ဆောင်ခံရသူ ရဲစခန်းမှူး နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ပြန်လည်လွတ်မြောက်

ပလက်ဝ ဖေဖော်ဝါရီ ၂၇ -၂၀၁၉

မိုင်ချယ်ရီ (VOM)

 

ချင်းပြည်နယ် ပလက်ဝမြို့နယ် သံထောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ သံထောင်နယ်မြေရဲစခန်း က စခန်းမှူးတို့ကို အေအေလက်နက်ကိုင်တပ်ဖွဲ့ က ဖမ်းဆီးခေါ်ဆောင်သွားရာကနေ ဒီနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ဘူးစင်ကျေးရွာ ဒေသခံတစ်ဦး က ပြောပါတယ်။

 

စခန်းမှူး ရဲအုပ်ဆလိုင်းဘီးဗာ နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချားဟော်တို့ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အေအေတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ သြဇာကြီးမားတဲ့ ဘာသာရေးခေါင်းဆောင်တွေ ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ် ၁၀ နာရီ ကျော် အချိန်မှာ ပလက်ဝမြို့နယ် ဖေရှေကျေးရွာအုပ်စု ဘူးစင်ကျေးရွာအနီးမှာ လာရောက် ရွေးယူဖို့ အေအေအဖွဲ့ကနေ ရွားသားတွေထံ အကြောင်းကြားခဲ့ပါတယ်။

 

ဒါကြောင့် ဘာသာရေးခေါင်းဆောင်နှစ်ဦး ဖြစ်တဲ့ ဦးလှချောင်း နဲ့ ဦးမောထန် တို့ က သွားရောက်ခဲ့ရာမှာတော့ စခန်းမှူးနဲ့ကျေးရွာအုပ်ချုပ်ရေးမှူးကို ဒီနေ့ နေ့လယ်ပိုင်းအချိန်က ပြန်လည် လွှတ်ပေးခဲ့တယ်လို့ ဘူးစင်ကျေးရွာ သာတစ်ဦး က ပြောပါတယ်။

 

“သူတို့ နှစ်ယောက်တည်း ဟုတ်တယ်။လူတွေတော့ ဘာမှ မဖြစ်ဘူး။နေ့လယ်လောက်က ရွာကို ရောက်လာတယ်။ရွာကနေ ညနေ ၃ နာရီ အချိန်လောက်ကပဲ စက်လှေနဲ့ သူတို့ ရွာကို ပြန်သွားကြပြီ” လို့ ဘူးစင်ရွာသားတစ်ဦး က ပြောပါတယ်။

 

စခန်းမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ အဖမ်းခံရပြီးတဲ့နောက်မှာ သူတို့ ပြန်လည်လွတ်မြောက်လာဖို့ အတွက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဒေသခံကျေးရွာသားတွေဟာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါသေးတယ်။ သူတို့ နှစ်ဦး ပြန်လည်လွတ်မြောက်လာပေမယ့် ပလက်ဝမြို့နယ် အတွင်းမှာ ရှိတဲ့ ရွာတွေကို အေအေလက်နက်ကိုင်အဖွဲ့က လာရောက်မည်ဖြစ်ကြောင်း အကြောင်းကြားစာတွေ ပေးပို့တာတွေ ပြုလုပ်ခဲ့တဲ့ အတွက် ရွာလုံးကျွတ်ပြောင်းရွှေ့တာတွေ ပြုလုပ်နေရတယ်လို့ ပလက်ဝဖက်ကနေ လာတဲ့ သတင်းတွေ အရ သိရပါတယ်။

#voiceofmyanmar#ပလက်ဝ#AA#ဖမ်းဆီသွားတဲ့အုပ်ချုပ်ရေးမှူးနဲ့စခန်းမှူးပြန်လွတ်

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW