၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို ဇီးကုန်းပြည်သူတွေထောက်ခံပွဲလုပ်

ဇီးကုန်း ဖေဖော်ဝါရီ ၂၇ -၂၀၁၉

လမင်း (VOM)

 

ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက် ၈ နာရီခန့်က ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးကို ဇီးကုန်းမြို့နေ ပြည်သူလူထု ၃၀၀ ကျော်က ထောက်ခံကြိုဆိုကြောင်း လှုပ်ရှားမှုတစ်ခုကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

 

“နိုင်ငံတနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူလူထုအားလုံးရဲ့ သဘောဆန္ဒနဲ့အညီ ပါဝင်နိုင်တဲ့ အခြေခံဥပဒေ ဖြစ်ဖို့ လိုပါတယ်။  ပြည်သူလူထုရဲ့  အသက်သွေးကြော ပြည်သူလူထုရဲ့  အကျိုးစီးပွါး ပြည်သူလူထုရဲ့  အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အသက်တမျှ အရေးကြီးတယ်” လို့ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ ဦးလှိုင်ဝင်းက VOM ကိုပြောပါတယ်။

 

ဒီမိုကရေစီစံချိန်စံနှုန်းနှင့် မကိုက်ညီသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံကြိုဆိုပွဲတွင် ဇီးကုန်းမြို့နယ်ရှိ NLD ပါတီဝင်များ ၊ ဇီးကုန်းမြို့နယ် ဒေသခံပြည်သူများအပါအဝင် လူပေါင်း ၃၀၀ ကျော်မှ ပါဝင်ခဲ့ပါတယ်။

 

အမှတ် ၃ ရပ်ကွက် ၊ စာတိုက်လမ်းရှိ NLD ပါတီရုံးရှေ့ကနေ

“နိုင်ငံတော်ကြီး တိုးတက်ဖို့  ၂၀၀၈ အခြေခံဥပဒေပြင်ကြစို့ ”၊ “ကောင်းမွန်မှန်ကန်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး ပြည်သူအားလုံး ဝန်းရံပေး ” စသည့်ဗီနိင်းများ ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေ ကြွေးကြော်၍ လမ်းလျောက်ချီတက်ခဲ့ကြပြီး ရွာမလမ်းထိပ် ဘိုးဘွားရိပ်သာခန်းမရှေ့တွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအား ကြိုဆိုထောက်ခံသည့် ဆိုင်းဘုတ် စိုက်ထူခဲ့ကြပါတယ်။

 

” တပ်မတော် အနေနဲ့ ပြည်သူတွေ အတွက် ပြောင်းလဲတဲ့နိုင်ငံတော်ကြီး ဖြစ်ဖို့ ပြင်ဆင်ဖို့ ကြိုးစားတာကို ထောက်ခံပေးပါလို့ ပြောချင်ပါတယ်။ နောက်ပြီးတော့ ဒီဖွဲ့စည်းပုံဟာ လူထုအားကိုးရတဲ့ ဖွဲ့စည်းပုံ မဟုတ်ဘူး” ဟု ထောက်ခံပွဲတွင်ပါဝင်ခဲ့တဲ့ ဇီးကုန်း ဒေသခံ မအိသဉ္ဇာမော် က ပြောပါတယ်။

 

ဇန်နဝါရီလ ၂၉ ရက်နေ့က ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ်ကို သင့်လျော်သည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်သို့ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ မှလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် တင်သွင်းခဲ့ပါတယ်။

 

အဲ့ဒီ အဆိုကိုမဲခွဲဆုံးဖြတ်ရာမှာ လွှတ်တော်ကိုယ်စားလှယ် သုံးပုံတစ်ပုံက ထောက်ခံခဲ့ကြကာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှ လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်လို့ ဆိုပြီး မတ်တပ်ရပ်ကန့်ကွက်ခဲ့ကြပါတယ်။ ဒါကြောင့် ထပ်မံမဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ များတဲ့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော်က သဘောတူညီခဲ့ပါတယ်။

 

အဲ့ဒီနောက်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး နှင့် အသစ်ရေးဆွဲရေး ထောက်ခံကြိုဆိုပွဲတွေကို မြန်မာနိုင်ငံအနှံ့တွင်ပါ ပြုလုပ်နေကြတာဖြစ်ပါတယ်။

 

#ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေး #ဇီးကုန်းမြို့နယ် #ပြည်ခရိုင်

Related posts

Leave a Comment

VOM News

FREE
VIEW