ပထမဆုံးကျောင်းတွင်းသင်္ကြန် ပြည်တက္ကသိုလ်တွင်ကျင်းပ

ပြည်၊ မတ် ၁၊ ၂၀၁၉

လမင်း (VOM)

 

ကျောင်းသားလူငယ်တွေ ဦးဆောင်ကျင်းပတဲ့ ပြည်တက္ကသိုလ်အတွက် ပထမဦးဆုံးကျောင်းတွင်းသင်္ကြန်ကို ပြည်တက္ကသိုလ်ဝန်းထဲမှာ မတ်လ ၁ ရက်နေ့ မနက်က ကျင်းပခဲ့ကြပါတယ် ။

 

“ကျွန်တော်တို့ ပထမဆုံးလုပ်တဲ့ ကျောင်းသင်္ကြန်ပါ အရင်နှစ်တွေက ဒါမျိုးမလုပ်ပါဘူး။ ကျောင်းသားသမဂ္ဂဦးဆောင်ပြီး သံချပ်တွေလည်းထိုးမှာပါ အဆိုတော်တွေလည်း လာဆိုကြမှာပါ ခု လို ကျောင်းသားအားလုံး စည်စည်ကားကားဆင်နွှဲတဲ့အတွက် ကျွန်တော်တို့ လုပ်ရကျိုးနပ်ပါတယ် ” လို့ ပြည်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ အတွင်းရေးမှူး ကိုကျော်ရဲသူက ပြောပါတယ်။

 

ကျောင်းသင်္ကြန်ကို ပြည်တက္ကသိုလ်ဝန်းထဲရှိ ဘွဲနှင်းသဘင်ခန်းမရှေ့တွင် မဏ္ဍပ်ထိုးပြုလုပ်ခဲ့ကြတာဖြစ်ပါတယ် ။ ဖွင့်ပွဲအခမ်းအနားကို မနက် ၈ နာရီခွဲခန့်ကစတင်ကာ ပါမောက္ခချုပ်နှင့်ဆရာကြီး ၊ ဆရာမကြီးများမှ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းသားကျောင်းသူ ၇ ထောင်ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါတယ် ။

 

” ကျောင်းသားတွေကိုကြည့်ရတာ ပျော်နေတော့ အားကျစရာပီတိဖြစ်မိပါတယ် သံချပ်ထိုးတာကိုလည်း ဘာမှစိစစ်တာမရှိပါဘူး သူတို့ထိုးချင်တာ ထိုးခွင့်ပြုထားပါတယ် ဒါပထမဦးဆုံးလုပ်တာဆိုတော့ သူတို့အတွေ့အကြုံအများကြီးရမှာပါ “လို့ ပြည်တက္ကသိုလ် တွဲဘက်ပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်း ကဟြေပါတယ်။

 

“ဒါပထမဦးဆုံးလုပ်တာဆိုတော့ အရမ်းပျော်ဖို့ကောင်းပါတယ် ဒီနှစ်က အထူးခြားဆုံးနဲ့ အကြီးအကျယ် အခမ်းနားဆုံးပွဲတစ်ခု ဖြစ်သွားတာပေါ့ အရင်ကဒါမျိုးမရှိဘူးလေ စာမေးပွဲပြီးမှ ခိုးကြောင်ခိုးဝှက်ပက်ရတာ ခုနှစ်ဒါမျိုးလုပ်ပေးတဲ့အကိုကြီးအမကြီးတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ဆိုပြီးကျောင်းသင်္ကြန်တွင် ပါဝင်ဆင်နွှဲနေသော ကျောင်းသူတစ်ဦးမှဟြေသည် ။

 

ကျောင်းသင်္ကြန်တွင် လာရောက်ဆင်နွှဲကြသော ကျောင်းသားကျောင်းသူများကို ယိမ်းအကအလှများ၊ DJ များဖြင့် ဖျော်ဖြေခဲ့ကြပြီး ပြည်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကျောင်းသားကျောင်းသူများ ဦးဆောင်သော အိုးဝေသံ နာမည်ဖြင့် သံချပ်ထိုးခဲ့ကြကာ ပြည်တက္ကသိုလ် ကျောင်းဝန်းအတွင်း ပြင်ဆင်စရာများကို မီးမောင်းထိုးပြခဲ့ကြပါတယ်။ ထို့နောက် အဆိုတော်များ၏ သီဆိုဖျော်ဖြေမှုများ ပါဝင်ခဲ့ပါတယ်။ ကျောင်းသားကျောင်းသူအချင်း ရေများ၊ ပန်းဆီမှုန့်များဖြင့် ပက်ဖြန်းခဲ့ကြပြီး ကျောင်းသင်္ကြန်ကို ဆင်နွှဲခဲ့ကြပါတယ် ။

Related posts

Leave a Comment

VOM News

FREE
VIEW