ရိုဟင်ဂျာတွေကို နိုင်ငံအတွင်း အချိန်ကြာကြာ လက်မခံနိုင်တော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်ဆို

နယူးယောက်၊ မတ်-၁-၂၀၁၉

မျိုးဆက် (VOM)

 

မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို နိုင်ငံအတွင်းမှာ ကြာကြာလက်ခံနိုင်တော့မှာ မဟုတ်ဘူးလို့ ဖေဖော်ဝါရီ ၂၈ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဘင်္ဂလားဒေ့ရှ်က ပြောဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ခံထားတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေပြန်ပို့ရေးဟာ အဆိုးကနေ အဆိုးရွားဆုံးအခြေအနေထိရောက်ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန် ရှာဟီဒူ ဟာကွီက ပြောဆိုပြီး လုံခြုံရေးကောင်စီအနေနဲ့ ဒီကိစ္စအပေါ် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ဖို့အတွက်လည်း ၎င်းက တိုက်တွန်းလိုက်ပါတယ်။

 

မြန်မာနိုင်ငံကလူတွေကို သင့်တော်တဲ့ အနေအထားတစ်ရပ်နဲ့ ဘင်္ဂလားဒေ့ရှ်က  ကြာကြာ လက်မခံနိုင်တော့ဘူးဆိုတာ လုံခြုံရေးကောင်စီမှာ အသိပေးရလို့ ၀မ်းနည်းပါတယ်လို့ ၎င်းကပြောပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နဲ့သဘောတူညီချက်အရ ဒုက္ခသည်အချို့ကို ပြန်လက်ခံရေး မြန်မာနိုင်ငံက သဘောတူခဲ့ပေမယ့် ရခိုင်ပြည်နယ်အခြေအနေတွေဟာ ရိုဟင်ဂျာတွေနေရပ်ပြန်ရေး လုံခြုံစိတ်ချရတဲ့ အခြေအနေမျိုးဖြစ်ရမယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

 

သိန်းချီတဲ့ ရိုဟင်ဂျာတွေနေရပ်ပြန်ရေး မြန်မာဘက်က အားထုတ်မှုတွေဟာ အလွန်နှေးကွေးနေကြောင်း မြန်မာနိုင်ငံကို ငါးရက်ကြာလာရောက်ခဲ့တဲ့ ကုလသမဂ္ဂ သံတမန် ခရစ်စ္စတင်းချာရန်နာ ဘာဂျန်နာက ၎င်းရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပြီး လာမယ့်နှစ်မှာ မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပမှာဖြစ်တဲ့အတွက် ရိုဟင်ဂျာပြသနာဟာ ပိုမိုဆိုးရွားလာနိုင်တယ်လို့သတိပေးထားပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ ယင်းပြသနာအပေါ် လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်နေပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးမှာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေရှိကာ ရခိုင်ပြည်နယ်ရှိ မတူညီတဲ့ လူမှုအသိုင်းအ၀ိုင်းအတွင်း ယုံကြည်မှုတည်ဆောက်ရန်အတွက် စိတ်ရှည်ရန် မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွန်းက လုံခြုံရေးကောင်စီမှာ ပြောဆိုခဲ့ပါတယ်။

 

Ref : AFP

Photo : Reuters

Related posts

Leave a Comment

VOM News

FREE
VIEW