အရက်သေစာသောက်သုံးမှု လျော့ကျဖို့ ယစ်မျိုးခွန်တိုးကောက်ရခြင်းဖြစ်

ရန်ကုန် ၊ မတ် ၂၊ ၂၀၁၉

TGH( VOM)

 

ယစ်မျိုးလိုင်စင်တွေ ချထားတာနဲ့ အရက်သေစာတွေအပေါ် အခွန်တိုးကောက်နေတာဟာ မူးယစ်စေတဲ့ အရက်သေစာ ရောင်းချမှုကနေ  အခွန်ငွေရရှိစေဖို့  အဓိက မဟုတ်ဘဲ အရက်သေစာ သောက်စား သုံးစွဲခြင်းကို လျော့ပါးစေဖို့ ဦးတည်တာသာ ဖြစ်တယ်လို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက မနေ့ကကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ပြောပါတယ်။

 

မရမ်းကုန်းမြို့နယ်၊  မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးရန်ရှင်းက ရန်ကုန်တိုင်းထဲမှာ ချထားပေးတဲ့ ယစ်မျိုးလိုင်စင်ရ ဘားတွေအပေါ် လိုင်စင်စည်းကမ်းသတ်မှတ်ချက်နဲ့ ပတ်သက်တဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

“ခွင့်ပြုချထားပေးတဲ့ ယစ်မျိုးလိုင်စင်တွေက ယစ်မျိုးစီမံခန့်ခွဲ ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ရာမှာဖြစ်စေ၊ ယစ်မျိုးလိုင်စင် ချထားပေးတဲ့အခါ လိုက်နာဆောင်ရွက်ရန် ဆိုပြီး မြန်မာနိုင်ငံယစ်မျိုးဆင့်ဆိုချက်မှာက ယစ်မျိုးမူဝါဒကို အရက်သေစာ သောက်စားခြင်း အလေ့အထ ပြန့်ပွားခြင်းကို အားပေးခြင်းမရှိစေရန်၊  သေရည်သေရက် ဖြန့်ဖြူးရောင်းချတဲ့အခါ တရားမဝင်ထုတ်လုပ်မှု မရှိစေဘဲ အရက်တွေအပေါ်  အခွန်ကြီးမြင့်နိုင်သမျှ ကြီးမြင့်ကောက်ခံရန် နဲ့ သောက်စား သုံးစွဲခြင်းကို ခေါင်းပါးစေဖို့  ရောင်းချမှုတွေအပေါ် အခွန်ကောက်ခံတာသာဖြစ်တယ်လို့ အမြဲနှလုံးသွင်းပြီး ကျဆင်းရေးကို ဦးတည်လုပ်ဆောင်တာဖြစ်တယ်၊ နောက်ပြီး ယစ်မျိုးလိုင်စင် အမျိုးအစားအလိုက် ဖွင့်လှစ်ချိန်က နေထွက်ချိန်ကနေ ညနေ ၉ နာရီ၊ ၁၁ နာရီထိဖွင့်တဲ့ ယစ်မျိုးဆိုင်များ လို့ ယစ်မျိုးဥပဒေမှာ သတ်မှတ်ထားတယ်” လို့ မနေ့ကကျင်းပခဲ့တဲ့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်မှာပြောကြားခဲ့ပါတယ်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက်ဆိုရင် ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ခရိုင်အလိုက် ယစ်မျိုးလိုင်စင် အားလုံးစုစုပေါင်း ၉၃၈၉ ခု ချထားပေးခဲ့ရာ အရှေ့ပိုင်းခရိုင်မှာ လိုင်စင်  ၃၀၃၈ ခု၊ အနောက်ပိုင်းခရိုင်မှာ ၁၇၈၀ ခု၊ တောင်ပိုင်းခရိုင်မှာ  လိုင်စင် ၁၅၇၆ ခု၊ မြောက်ပိုင်းခရိုင်မှာ လိုင်စင် ၂၉၉၄ ခုဖြစ်တယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလကနေ  ဒီဇင်ဘာလအထိကို တရားမဝင်ယစ်မျိုးဆိုင်တွေ ကွင်းဆင်း စစ်ဆေးခဲ့တဲ့ရလဒ်တွေအရ အရှေ့ပိုင်းခရိုင်မှာ  ၈၁ မှု၊ အနောက်ပိုင်းခရိုင်မှာ ၁၇ မှု၊ တောင်ပိုင်းခရိုင်မှာ ၂၁၃မှု ဖမ်းဆီးအရေးယူခဲ့ကြောင်းနဲ့  မြောက်ပိုင်းခရိုင်အပါအ၀င်  အရေးယူဆောင်ရွက်မှု စုစုပေါင်း ၆၁၃ မှု ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ဖမ်းဆီးရမိမှုတွေကို  ယစ်မျိုး (၃၀-က)၊ (၃၀-ခ)၊ (၃၀-ဃ)၊ ယစ်မျိုး (၃၇) (၄၁-ဂ) ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။

 

လက်ရှိမှာတော့ တရားမဝင်လိုင်စင်မဲ့ ယစ်မျိုးဆိုင်တွေနဲ့ လိုင်စင်ရယူထားပြီး သတ်မှတ်စည်းကမ်းနဲ့အညီ ဆောင်ရွက်ခြင်းမရှိတဲ့ ယစ်မျိုးဆိုင်တွေ ရှိ/မရှိကို စစ်ဆေးနိုင်ဖို့  အတွက် သက်ဆိုင်ရာ မြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနဲ့ မြို့နယ်ပြည်တွင်းအခွန် ဦးစီးဌာန ပါဝင်တဲ့ တရားမ၀င်ယစ်မျိုးဆိုင်များ စိစစ်ရေးအဖွဲ့ Task Force ဖွဲ့စည်းထားကြောင်းနဲ့ စစ်ဆေးအရေးယူမှုတွေကို ပြုလုပ်သွားမယ်လို့ပြောခဲ့ပါတယ်။

#voiceofmyanmar#ယစ်မျိုးလိုင်စင်#ရန်ကုန်တိုင်းလွှတ်တော်

Related posts

Leave a Comment

VOM News

FREE
VIEW