မောင်တောမြို့နယ်မှာ တောမီးကနေ စာသင်ကျောင်းမီးလောင်မှုဖြစ်

မောင်တော၊ မတ် ၃-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခမောင်ဆိတ်ဧရိယာမှာ မနေ့ကညနေ ၃ နာရီ ၄၀ မိနစ်ခန့်က တောမီးစတင်လောင်ကျွမ်းခဲ့ရာကနေ ကျေးရွာစာသင်ကျောင်းတစ်ဆောင်နဲ့ နေအိမ်တစ်လုံး မီးကူးစက်လောင်ကျွမ်းသွားခဲ့တာဖြစ်ပါတယ်။

 

အဲ့ဒီမီးလောင်မှုမှာ မောင်တောခရိုင်အတွင်းရှိ ခမောင်ဆိတ် ရဲဘော်ကျ ကျေးရွာအနီးတောမီးစတင်လောင်ကျွမ်းခဲ့ရာကနေ ရဲဘော်ကျ အထက စာသင်ကျောင်းဆောင်နဲ့ ကျောင်းအုပ်ဆရာကြီးနေအိမ်တို့ကို မီးကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

 

“မနေ့က ညနေပိုင်းမှာတောမီးလောင်တော့ အဲ့ဒီမှာရွာစာသင်ကျောင်းနဲ့ ကျောင်းအုပ်ဆရာကြီးနေအိမ်ကို မီးလောင်သွားပါတယ်။ အဲ့ဒီမှာရှိတဲ့လူတွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြတာပါ။ ဒေသအခြေအနေအရ အဲ့ဒီနေရာကို သွားလာဖို့အခက်အခဲရှိခဲ့ပါတယ်”လို့ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဦးသော်ဒါက ပြောပါတယ်။

 

အဲ့ဒီမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ နေရာမှာ မောင်တောမြို့ပေါ်နဲ့ ကုန်းလမ်းခရီးဖြင့်သွားလာရတာဖြစ်ပြီး ၄၅ ခန့်ကွာဝေးကြောင်း မီးသတ်ဌာနကထုတ်ပြန်ထားပါတယ်။

 

“အဲ့ဒီကျောင်းကတော့ ပိတ်ထားတဲ့ကျောင်းလို့သိရပါတယ်။ ရွာမှာလည်းလူမရှိဘူး။ စာသင်မယ့်သူလည်းမရှိဘူး။ ကောင်းအဟောင်းပါပဲ။”လို့ ဦးသော်ဒါကပြောပါတယ်။

 

ကျောင်းဆောင်နဲ့ ကျောင်အုပ်ဆရာကြီးနေအိမ်မီးလောင်မှုဖြစ်ပွားတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ပညာရေးဌာနကို မေးမြန်းတဲ့အခါမှာတော့ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ဒီနေ့မှာ ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် အကျိုးအကြောင်းနဲ့ပတ်သက်လို့ သတင်းတက်လာတာမတွေ့ရသေးဘူးလို့ ပြောပါတယ်။

 

ဒါ့အပြင် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ် မောင်နှမကျေးရွာမှာလည်း မနေ့က ညနေ ၃ နာရီ ၁၀ မိနစ်ခန့်လောက်မှာ ကျေးရွာမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

“မောင်နှမရွာမှာလောင်တာက ဦးနူရာမျာနေအိမ်ကနေ စလောင်တာဖြစ်တယ်။ အဲ့ဒီအိမ်က လူမနေဘူး။ တစ်ယောက်ယောက်ကမီးရှို့ခဲ့တဲ့အတွက် ခေါင်မိုးကနေစပြီးလောင်ကျွမ်းခဲ့တာဖြစ်တယ်။ အဲ့ဒီမီးလောင်မှုကြောင့် လူမနေတဲ့အိမ် ၁၂ လုံး၊ လူနေတဲ့အိမ် ၁၄ လုံးစုစုပေါင်း ၂၆ လုံး လောင်ကျွမ်းသွားခဲ့ပါတယ်။”လို့ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။

 

မောင်နှမကျေးရွာမီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် ကျားကြီး(၁၄)ဦး၊ ကျားငယ်(၁၆)ဦး၊ မကြီး(၁၆)ဦး၊ မငယ်(၁၂)ဦး၊ ပေါင်း(၅၈)ဦးတို့ကို ကျေးရွာစာသင်ကျောင်းမှာ ယာယီနေရာချပေးထားတာဖြစ်ပါတယ်။

 

#voiceofmyanmar#ရခိုင်ပြည်နယ်#မောင်တော#ရဲဘော်ကျ#တောမီး#စာသင်ကျောင်းမီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW