နာဂဒေသ မြို့နယ် (၃)ခု မှ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ တနှစ်ထက်တနှစ်ပိုတိုးလာ

ခန္တီး မတ် ၃-၂၀၁၉

မိုင်ချယ်ရီ (VOM)

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းမှာရှိတဲ့ မြို့နယ် (၃)မြို့နယ်က စာစစ်ဌာန (၅)ခုကနေ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၀င်ရောက်ဖြေဆိုမယ့် ကျောင်းသားကျောင်းသူ ဦးရေ ဟာ တနှစ်ထက် တနှစ် ပိုများလာနေတယ်လို့ ခန္တီးခရိုင် ပညာရေးမှူးရုံးကနေ သိရပါတယ်။

နာဂဒေသ အတွင်းက လေရှီးမြို့ ၊ လဟယ်မြို့ နဲ့ နန်းယွန်းမြို့နယ်က စာစစ်ဌာနတွေကနေ ၀င်ရောက်ဖြေဆိုကြတဲ့ ကျောင်းသားကျောင်းသူ အရေ အတွက် ဟာဆိုရင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တုန်းက ၈၇၅ ဦး ရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ ၉၉၆ ဦး ရှိခဲ့ပါတယ်။ ဒီနှစ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာတော့ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၀၃၄ ဦး ရှိတာကြောင့် အဲ့ဒီမြို့နယ်တွေက တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၀င်ရောက်ဖြေဆိုသူ တစ်နှစ်ထက် တစ်နှစ် များလာတာ ဖြစ်ပါတယ်။

“အခုဆိုရင် သူတို့ဒေသတွေမှာ အထက်တန်းကျောင်းတွေက နေရာဒေသ များများမှာ ဖွင့်လာတယ်။ တချို့ကျတော့ ကိုယ့်ဒေသမှာ မဟုတ်ပဲနဲ့ တစ်ခြားဒေသမှာ သွားတက်ကြတာရှိတယ်။ ခု ကိုယ့်ဆီမှာ အထက်တန်းကျောင်းတွေ ပြန်ဖွင့်လာပြီဆိုတဲ့ အခါကျတော့ တစ်ချို့က ကိုယ့်ဒေသကိုယ် ပြန်ရောက်လာကြတယ်။ တိုးလာတာက ၀မ်းသာစရာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဒေသမှာ မိဘနဲ့ အိုးမကွာ အိမ်မကွာ ကိုယ့်ကျောင်းမှာ ကိုယ်သင်ရတဲ့ အခါကျတော့ ကလေးတွေလဲ စိတ်ချမ်းချမ်းသာသာနဲ့ ကိုယ့်မိဘနဲ့ကိုယ် နေရပြီးတော့ အကုန်အကျ သက်သက်သာသာနဲ့ ကိုယ့်နိုင်ငံက သတ်မှတ်ထားတဲ့ အခြေခံပညာကို ပြီးဆုံးအောင် သင်ယူနိုင်လာကြတယ်” လို့ ခန္တီးခရိုင်ပညာရေးမှူး ဦးအောင်ကျော်မြင့် က ပြောပါတယ်။

ဒီနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကိုတော့ မတ်လ ၆ ရက်နေ့ မှာ မြန်မာစာ စတင် ဖြေဆိုကြရမှာဖြစ်ပြီး မတ်လ ၇ ရက်နေ့မှာ အင်္ဂလိပ်စာ၊မတ်လ ၈ ရက်နေ့မှာ သင်္ချာ၊မတ်လ ၉ ရက်နေ့မှာ စိတ်ကြိုက်မြန်မာစာ၊မတ်လ ၁၁ ရက်နေ့မှာ ဓါတုဗေဒ၊မတ်လ ၁၂ ရက်နေ့မှာ ရူပဗေဒ၊ မတ်လ ၁၃ ရက်နေ့မှာ ဇီဝဗေဒ နဲ့ ဘောဂဗေဒ၊ မတ်လ ၁၄ ရက်နေ့မှာ ပထ၀ီဝင်ဘာသာနဲ့ မတ်လ ၁၅ ရက်နေ့မှာတော့ သမိုင်း ဘာသာအဖြစ် ဖြေဆိုကြရမှာ ဖြစ်ပါတယ်။

 

နာဂဒေသဟာ မြန်မာ-အိန္ဒိယ နယ်စပ်မှာ ရှိနေပြီး တောင်ကုန်းတောင်တန်းတွေမှာ နေထိုင်ကြပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသဖြစ်တာနဲ့ အညီ  ဘာသာစကား အခက်အခဲတွေ ဖြစ်ရှိနေတာကြောင် အခြေခံမူလတန်းပညာမှာ အားနည်းချက်တွေ ရှိနေပြီ အင်္ဂလိပ်စာ နဲ့ သင်္ချာ အားနည်းတာကြောင့် နှစ်စဉ်တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းနည်းတဲ့ ဒေသလဲ ဖြစ်ပါတယ်။

#voiceofmyanmar#နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ#လေရှီး#လဟယ်#နန်းယွန်း#ခန္တီး#တက္ကသိုလ်ဝင်စာမေးပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW