ပလက်ဝမြို့နယ်မှာ တပ်မတော်က ဖမ်းဆီးသွားတဲ့ လူငယ်တစ်ဦးကို တစ်လကျော်တဲ့အထိ မိသားစုတွေ့ခွင့်မရ

ပလက်ဝ၊ မတ် ၄-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ချင်းလက်ဝကျေးရွာက လူငယ်တစ်ဦးကို တပ်မတော်က စစ်ဆေးဖို့ခေါ်ဆောင်သွားခဲ့ရာ တစ်လက်ကျော်ကြာတဲ့အထိ မိသားစုတွေနဲ့တွေ့ခွင့်မရရှိဘဲဖြစ်နေတယ်လို့ မိခင်ဖြစ်သူ ဒေါ်တင်တင်မြင့်ကပြောပါတယ်။

 

ဖမ်းဆီးခံထားရတဲ့လူငယ်ဟာ ချင်းလက်ဝရွာမှာနေထိုင်တဲ့ မောင်ဇင်မင်းထိုက်၂၅ နှစ်ဖြစ်ပြီး ဇန်နဝါရီလ ၂၁ ရက်နေ့က ချင်းလက်ဝမှာ ရှိတဲ့ တပ်မတော်တပ်စခန်းကနေ စစ်ဆေးစရာတွေရှိတယ်ဆိုပြီး နေအိမ်ကိုလာရောက်ခေါ်ယူသွားတာလို့ ပြောပါတယ်။

 

“ကျွန်မသားလေးကို သားမိသုံးယောက်လုံးကို တစ်လပိုင်း ၂၁ ရက်နေ့မှာ တပ်မတော်က ကျွန်မအိမ်ကိုလာခေါ်တယ်။ ခင်ဗျားသားရှိလာလို့မေးတယ်။ ကျွန်မကရှိတယ်လို့ပြောတယ်။ တကယ်လားတဲ့။ ဟုတ်တယ်လို့ပြောတယ်။ ခင်ဗျားသား ၂၀ ရက်နေ့က ဘယ်ကိုသွားလဲတဲ့။ ဘယ်မှမသွားဘူးလို့ပြောလိုက်တယ်။ သူတို့ခေါ်ခိုင်းလို့ ကျွန်မညီမကိုခေါ်ခိုင်းလိုက်တယ်။ အဲ့ဒီမှာ အုပ်ချုပ်ရေးမှူးက လာပို့သွားတာပါ။”

 

အဲ့ဒီတပ်စခန်းဟာ ကျောက်တော်မြို့နယ်အခြေစိုက် ခမရ ၃၇၅၊ ၃၇၆၊ ၅၃၉ တပ်ရင်းတွေ အခြေစိုက်ထားတဲ့ ရှေ့တန်းစခန်းတစ်ခု ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

“ကျွန်မသားလေးကို ဇန်နဝါရီ ၂၀ ရက်နေ့က AA ကို ဆိုင်ကယ်နဲ့ ဆန်နှစ်တောင်းသွားပို့ထယ်ဆိုပြီး ချင်းလူငယ်တွေက တိုင်တယ်လို့ပြောပါတယ်။ အဲ့ဒီနေ့က ကျွန်မသားလေးဘယ်မှမသွားဘူး။ ဆိုင်ကယ်လည်းမစီးတတ်ပါဘူး။ အစတုန်းက ပြန်လွှတ်ပေးမယ်ထင်ခဲ့တာ။ အခုတွေ့ခွင့်မရတာ တစ်လကျော်လာပြီ။ ပြန်လွတ်စေချင်ပါတယ်။”လို့ ဒေါ်တင်တင်မြင့်က ပြောပါတယ်။

 

လက်ရှိမှာ ဖမ်းဆီးခံနေရသူ မောင်ဇင်မင်းထိုက်ကို ဘယ်နေရာမှာချုပ်နှောင်ထားမှန်း မသိရဘဲဖြစ်နေတဲ့အတွက် မိသားစုတွေ ဘက်က လာရောက်တိုင်ကြားထားတာကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်း၊ ILO နဲ့ Equality Myanmar တို့ကို အသိပေးတိုင်ကြားသွားဖို့ပြင်ဆင်နေတယ်လို့ ရခိုင်လူ့အခွင့်ရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောပါတယ်။

 

#voiceofmyanmar#ပလက်ဝ#ရခိုင်လူငယ်#တပ်မတော်ကဖမ်း#မိသားစုနဲ့တွေ့ခွင့်မရ

Related posts

Leave a Comment

VOM News

FREE
VIEW