စပါးတရားမဝင်တင်ပို့မှု တားဆီးရေး အခက်ခဲများ ရှိနေသေး

(ပြည်ပနိုင်ငံတွေကို ဆန်စပါး တရားမဝင် တင်ပို့နေတာတွေကို ဘယ်လိုစီမံမလဲလို့ မန္တလေးတိုင်း၊ မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ပါတယ်။)

ရန်ကုန် ၊ မတ် ၆၊ ၂၀၁၉

TGH ( VOM)

 

နယ်စပ်လမ်းကြောင်းတွေကနေ တရုတ်နိုင်ငံကို စပါး တရားမဝင် တင်ပို့ရောင်းချနေတာတွေကို ထိထိရောက်ရောက် တားဆီးဖို့ အခက်အခဲတွေ ရှိနေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင်ထူးက ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

စပါးကို ပြည်ပသို့ တိုက်ရိုက်တင်သွင်းခွင့် ပိတ်ထားတဲ့ကြားကနေ တရုတ်နိုင်ငံကို နယ်စပ်လမ်းကြောင်းကတဆင့်  တရားမ၀င်တင်ပို့မှုတွေ ရှိနေတဲ့အတွက် နစ်နာမှုနဲ့ ဆိုးကျိုးတွေ ရှိနေတာကို ဘယ်လိုစီမံမလဲဆိုတာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး  မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦး ရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“နယ်စပ်တွေက ကုန်သွယ်ရေးဇုန်၊ ကုန်သွယ်ရေးစခန်းတွေက စနစ်တကျ ကျပ်မတ်ကိုင်တွယ်နေတယ်။ ပြည်ပကို တရားမ၀င် တင်ပို့ရောင်းချမှုမရှိစေဖို့ ရေပူနဲ့ မရမ်းချောင်း အမြဲတမ်း ကုန်စစ်ဆေးရေးစခန်း ဖွင့်ပြီး တားဆီထိန်းချုပ် ဆောင်ရွက်နေတယ်။ ဒါပေမယ့်လည်း စစ်ဆေးရေးစခန်းတွေကို ရှောင်ကွင်းနိုင်တဲ့ တရားမ၀င်လမ်း၊ တရားမ၀င်နယ်စပ် ၀င်ပေါက် ထွက်ပေါက်တွေရှိနေပြီး နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး အားနည်းမှုတွေကြောင့် စပါးမှောင်ခိုတင်ပို့မှုကို အပြည့်အ၀ ထိရောက်စွာပိတ်ဆို့နိုင်ဖို့ အခက်အခဲရှိပါတယ်” လို့ ဦးအောင်ထူးက ပြောပါတယ်။

ဆန်၊စပါးကို ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် ရောင်းဝယ်ဖောက်ကား သယ်ယူခွင့်ပေးထားတဲ့အပေါ် အခွင့်ကောင်းယူပြီးတော့ ပြည်တွင်းမှာပဲ ရောင်းဝယ် သယ်ယူသလို အသွင်ယူပြီး ပြည်ပနိုင်ငံကို တရားမဝင် ဆန်၊စပါး တင်ပို့တာတွေ လုပ်နေတာတွေ ဖြစ်လာနေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီးက ဆိုပါတယ်။

စပါးကို အဓိက တရားမ၀င်သယ်ပို့နေတဲ့ လမ်းကြောင်းတွေက   မန္တလေး ကနေ ဗန်းမော်ကို ရေလမ်းကြောင်း ကသယ်ယူပြီး နယ်စပ် လွယ်ဂျယ် ဒေသ တရားမ၀င် ကုန်သွယ်ရေး ဒေသတွေကမှတဆင့်  တရုတ်နိုင်ငံကို တင်ပို့နေကြသလို၊ မန္တလေးကနေ မူဆယ်ကို ကုန်တင်ကားတွေနဲ့ သယ်ယူပြီး ရွှေလီမြစ်ပေါ်မှတဆင့်  ကုန်တင်ရေယာဉ်တွေနဲ့ တရုတ်နိုင်ငံကို တရားမ၀င် တင်ပို့နေကြတယ်လို့ မန္တလေးတိုင်းဒေသကြီး  မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ဒီလိုပြည်ပကို တရားမ၀င် တင်ပို့မှုတွေကြောင့် အချို့သော လုပ်ငန်းရှင်ကြီးတွေက ဧရာဝတီတိုင်း နဲ့ မန္တလေးတိုင်းတွေထိ ဆင်းပြီး စပါးတွေ ၀ယ်ယူမှုရှိနေပြီး ပြည်တွင်းမှာလည်း စပါးကျိတ်ခွဲရမှုတွေ နည်းလာလို့ ဆန်စက်လုပ်ငန်းရှင်တွေ အလုပ်လက်မဲ့ ဖြစ်ကုန်သလို နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှုကို ကြီးစွာထိခိုက်စေတယ်လို့ သူကပြောပါတယ်။

“ဆန် စပါးကို ပြည်တွင်းမှာ လွတ်လပ်စွာ သယ်ယူရောင်းချခွင့်ပြုထားပေမယ့် စပါးကိုတော့ ပြည်ပကို တိုက်ရိုက်သွင်းခွင့် ပိတ်ထားတယ်။ ဒါပေမယ့်လည်း နယ်စပ်လမ်းကြောင်းတွေကနေ နည်းအမျိုးမျိုးနဲ့ တရုတ်နိုင်ငံကို အများအပြားတင်ပို့နေတယ်။ ဒီရဲ့ နောက်ဆက်တွဲက ဆန်စက်တွေ စပါးကျိတ်ခွဲရတာ နည်းပြီး ရပ်နားတာတွေရှိလာတယ်။ ဆန်စက်လုပ်ငန်းရှင်တွေ အလုပ်လက်မဲ့ဖြစ်ကုန်တယ်။ စပါးကျိတ်ခွဲမှုကနေထွက်တဲ့ ဖွဲ၊ ဖွဲနု၊ ဖွဲကြမ်း၊ ဇကွဲတွေလည်း ရှားပါးလာတယ်။ ဒီလိုရှားပါးမှုက တိရစ္ဆာန်မွေးမြူရေးအစာ၊ စွမ်းအင်လောင်စာ၊ မုန့်ထုတ်မှုကုန်ကြမ်း ရှားပါးပြီး ဈေးကြီးတော့ တိုင်းပြည်ရဲ့  ကုန်ထုတ်လုပ်မှုကဏ္ဍ ကို တော်တော်ထိခိုက်စေပါတယ်။ ဒါတွေကို ဘယ်လိုထိရောက်စွာ တားဆီထိန်းချုပ်နိုင်ဖို့ စီမံမလဲ”လို့ ယနေ့ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၁၁ ကြိမ်မြောက် မှာပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း ပြည်ပကို မြန်မာ့ဆန် တင်ပို့နှုန်းနဲ့ ၂၀၁၈ ခုနှစ်တင်ပို့မှုနှုန်းကို နှိုင်းယှဉ်ပါက ၂၀၁၇ ခုနှစ်မှာ ဆန် မက်ထရစ်တန်ချိန် ၃.၅သန်းကျော် ပြည်ပကို တင်ပို့နိုင်ခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ အောက်တိုဘာလထိကို တန်ချိန် ၁ သန်းခန့်သာ တင်ပို့နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

 

၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကနေ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေး – မူဆယ် လမ်းကြောင်း ၁၆ မိုင်စစ်ဆေးရေးစခန်းကနေ တရားမဝင် စပါး တန်ချိန် ၁၆၄.၀၅ ဖမ်းဆီးရမိခဲ့ပြီး၊ ရေပူ အမြဲတမ်း စစ်ဆေးစခန်းကနေ စပါးတန်ချိန် ၆၁.၂၉၅ တန်ကို တားဆီး ထိန်းသိမ်းနိုင်ခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီးက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW