ချင်းပြည်နယ် မှာ ၂၀၁၈ ခုနှစ်အတွင်း  မိခင်သေဆုံးမှုဦးရေမှာ ပလက်ဝမြို့နယ်က အများဆုံးဖြစ်နေ

ကလေး မတ် ၁၀

မိုင်ချယ်(VOM)

၂၀၁၈ ခုနှစ် တစ်နှစ်တာကာလ အတွင်း ချင်းပြည်နယ်နယ်မှာ ကလေးမွေးဖွားချိန် မိခင်သေဆုံးမှု

(၁၆) ဦးအထိ ရှိခဲ့တာဖြစ်ပြီး အဲ့ဒီထဲက အများစုက ပလက်ဝမြို့နယ်က ဖြစ်တယ်လို့ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးကနေ သိရပါတယ်။

မိခင်သေဆုံးမှု စာရင်းကိုစစ်တမ်းကောက်ယူတဲ့အခါမှာ ကိုယ်ဝန်စရှိတဲ့အချိန်ကနေ  ကလေးမွေးဖွားပြီး ၄၂ ရက် ကြာ ကာလကို သတ်မှတ်ကောက်ယူခဲ့တာဖြစ်ပြီး ဒီလိုကောက်ယူခဲ့တဲ့ စစ်တမ်းတွေ အရ ပလက်ဝမြို့နယ် မှာ (၇) ဦး ဟားခါးမြို့နယ် မှာ (၃) ဦး တီးတိန်မြို့နယ်မှာ (၄) ဦး ထန်တလန်မြို့နယ်မှာ ၁ ဦးနဲ့ တွန်းဇံမြို့နယ်မှာ ၁ ဦး စုစုပေါင်း ၁၆ ဦး ရှိပါတယ်။

ဒီလိုသေဆုံးခဲ့သူတွေထဲမှာ ကျေးလက်နေ မိခင်တွေက အများဆုံးဖြစ်ပြီး ဆေးရုံဆေးခန်းနဲ့ ဝေးတာတွေ အရပ်လက်သည်တွေနဲ့ မွေးဖွားရတာတွေ ငွေကြေး မတတ်နိုင်သူတွေ အများဆုံး ဖြစ်တယ်လို့ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူးဒေါက်တာရှာရွန်ပါရ် က အခုလို ပြောပါတယ်။

“ပလက်ဝမှာ သေဆုံးကြသူတွေ ရဲ့ စာရင်းကို ပြန်ကြည့်လိုက်တော့ ဆေးရုံ မရောက်နိုင်ဘူး ဖြစ်နေတာ။အမျိုးသမီး ၄ ရောက်က မွေးဖို့ ကြာတာ မမွေးနိုင်တာ။မွေးဖို့ကြာတယ်ဆိုတာ တကယ့် တကယ် စောစောစီးစီး လွှဲတဲ့အချိန်မှာ ဆေးရုံသာ ရောက်မယ်ဆိုရင် သေစရာ အကြောင်းလုံးဝမရှိဘူး။ပလက်ဝက သွားရလာရလည်း အရမ်းခက်ခဲပါတယ်။ ပိုက်ဆံမရှိတာလဲ ပါတာပေါ့နော် အဲ့တော့ သူတို့က ပိုသွားတာပေါ့နော်” လို့ ပြောပါတယ်။

၂၀၁၄ ခုနှစ် သန်ခေါင်စာရင်းအရ ချင်းပြည်နယ်ဟာဆိုရင် တစ်နိုင်ငံလုံးမှာ မိခင်သေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး မိခင်သေဆုံးမှု စစ်တမ်းများအရ သေဆုံးသူဦးရေဟာ၂၀၁၆ ခုနှစ် အတွင်းက ၂၂ ဦး ၂၀၁၇ ခုနှစ် အတွင်း ၁၈ ဦး ရှိတယ်လို့ သိရပါတယ်။

မိခင်သေဆုံးတာတွေ လျော့ချနိုင်ဖို့ အတွက်ကတော့ ကျန်းမာရေးဌာနတစ်ခုတည်းရဲ့ စွမ်းဆောင်ချက်တင် မဟုတ်ပဲ ပြည်သူများက ကိုယ်ဝန်ဆောင်မိခင်များကို ကျန်းမာရေးဝန်ထမ်းတွေထံ အပ်နှံပေးတာ အစိုးရကနေ လိုအပ်တဲ့ ဆေးရုံဆေးခန်းအပါအ၀င် ကျန်းမာရေးဝန်ထမ်းတွေ နေရာအနှံ့တိုးမြှင့်ခန့်ထားပေးတာမျိုးတွေ လုပ်ဆောင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

 

#voiceofmyanmar #ချင်းပြည်နယ် #ပလက်ဝမြို့နယ် #ကိုယ်ဝန်ဆောင်မိခင်

Related posts

Leave a Comment

VOM News

FREE
VIEW