ရိုဟင်ဂျာတွေနေရပ်ပြန်ရေး ငွေကြေးကမ်းလှမ်းမှု မပြုခဲ့ဘူးလို့ တရုတ်ငြင်းဆို

ဒါကာ၊ မတ်-၉-၂၀၁၉

မျိုးဆက် (VOM)

 

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်လည်နေထိုင်ရေးအတွက် တရုတ်နိုင်ငံက ငွေကြေးပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေကို တရုတ်နိုင်ငံက ငြင်းဆိုလိုက်ပါတယ်။

 

ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်မှာ ပြန်လည်နေထိုင်ရေးအတွက် ငွေကြေးပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုမျိုး လုံးဝမလုပ်ခဲ့ဘူးလို့ ဒါကာအခြေစိုက် တရုတ်သံရုံးတာဝန်ရှိသူတစ်ဦးက ငြင်းဆိုပါတယ်။

 

တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးသံတမန် ဆွန်းကော်ရှန်းဟာ မတ်လ ၃ ရက်နေ့က ကော့ဘဇားက ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံကို ပြန်မယ်ဆိုရင် မိသားစုတစ်စုကို အမေရိကန် ဒေါ်လာ ၆၀၀၀ ပေးမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း Benar News သတင်းဌာနက ဖော်ပြပြီးနောက် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံရုံးက ဒီကိစ္စကို ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

 

အဆိုပါသတင်းကိုတော့ အမည်မဖော်လိုသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးနဲ့ ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ NGO တစ်ခုရဲ့တာဝန်ရှိသူတစ်ဦးတို့ကို ကိုးကားပြီး Benar News သတင်းဌာနက ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

 

တရုတ်နိုင်ငံ တာဝန်ရှိသူတွေအနေနဲ့ ရိုဟင်ဂျာတွေနေရပ်ပြန်ရေးအတွက် ငွေကြေးပေးမယ်လို့ ကမ်းလှမ်းခဲ့တာမရှိဘဲ ရခိုင်ပြည်နယ်မှာ ၎င်းတို့အတွက်  မြန်မာအစိုးရကတည်ဆောက်ပေးထားတဲ့ အိမ်တွေရှိသလို ၎င်းတို့ရဲ့နေအိမ်ကို၎င်းတို့ဘာသာ ပြန်လည်တည်ဆောက်ရေးအတွက် မြန်မာအစိုးရကသာ ငွေကြေးရန်ပုံငွေ ကမ်းလှမ်းလိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံရုံးရဲ့ အီးမေးလ်ကြေညာချက်မှာ ဖော်ပြပါတယ်။

 

တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့က ရိုဟင်ဂျာတွေနေရပ်ပြန်ရေး ငွေကြေးကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရတာဝန်ရှိသူတွေက တစ်စုံတစ်ရာ မှတ်ချက်ပြုပြောဆိုတာမရှိသေးပါဘူး။

 

Ref : Daily Star

Photo : Reuters

 

#voiceofmyanmar#ရိုဟင်ဂျာ#တရုတ်အစိုးရကိုယ်စားလှယ်#ဘင်္ဂလားဒေရှ်

Related posts

Leave a Comment

VOM News

FREE
VIEW