သင်္ကြန်ကာလ ခရီးသည် စီးနင်းမှုအများဆုံးဖြစ်တဲ့ ရန်ကုန်-နေပြည်တော်-မန္တလေး ခရီးစဉ်အတွက်  အထူးရထားနှစ်စင်းပြေးဆွဲမည်

ရန်ကုန် ၊ မတ် ၁၀ -၂၀၁၈

TGH (VOM)

သင်္ကြန်ကာလအတွင်း ခရီးသည်စီးနင်းမှုအများဆုံးဖြစ်တဲ့  ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းကြောင်းအတွက် အထူးရထားပြေးဆွဲသွားမယ်လို့  မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး )မှ သိရပါတယ်။

နှစ်စဉ် သင်္ကြန်ကာလရောက်တိုင်း ရန်ကုန်မြို့ကနေ နယ်ပြန်သူ ၊ ခရီးသွားသူတွေ အများအပြားရှိတာကြောင့် ပုံမှန်ပြေးဆွဲနေကြ ရထားတွဲဆိုင်းနှုန်းနဲ့ အဆင်ပြေ လုံလောက်မှုမရှိသဖြင့် မကြာမီ ရောက်ရှိတော့မယ် သင်္ကြန်ကာလမှာ  နေရပ်ပြန်သူတွေနဲ့ အပန်းဖြေခရီးသွားသူတွေ ခရီးစဉ်အဆင်ပြေစေဖို့အတွက် သင်္ကြန်အထူးရထား ၁ ၊ ၂ ဆိုပြီး အထူးရထား ၂ စင်းပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“မကြာခင်ကျောင်းတွေလည်းပိတ်တော့မယ်။ ကျောင်းပိတ်ရင် ခရီးသွားတာရှိသလို ရန်ကုန်ကို နယ်ကနေ အလုပ်လာလုပ်ကြတဲ့ သူတွေကလည်း ဒီရက်ဆို သူတို့နေရပ်အသီးသီးကို ပြန်ကြတယ်။ အဲ့ဒီအခါ ကားလက်မှတ်ခက်ခဲသလို ရထားလက်မှတ်ကလည်း မရကြဘူး ၊ ဒါကြောင့် အထူးရထားပြေးဆွဲပေးမှာဖြစ်ပါတယ် ၊ခရီးသွားတွေ အများဆုံးစီးနင်းမှုရှိတဲ့ လမ်းကြောင်းကို ရွေးချယ်ပြေးဆွဲပေးတာပါ“ လို့ မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)ရဲ့ အထွေထွေမန်နေဂျာ ဦးဘမြင့်က ပြောပါတယ်။

သင်္ကြန်ကာလမှာဆိုရင် ရန်ကုန်ကနေ  မန္တလေးကို ရထားစီးပြီး ခရီးသွားသူပေါင်း သောင်းဂဏန်း ဝန်းကျင်ရှိကြောင်းနဲ့ သင်္ကြန်အထူးရထား လက်မှတ်ခနှုန်းထားမှာ  ခရီးစဉ်အစ၊ အဆုံးရဲ့ ရိုးရိုးတန်းအတွက် တစ်ဦးကို ၄၆၅၀ ကျပ်၊ အထက်တန်းစီးနင်းခအတွက် ၉၃၀၀ ကျပ်၊ နဲ့ အထက်တန်းအိပ်စင်အတွက်  ၁၂၇၅၀ ကျပ် သတ်မှတ်ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

အဲဒီလို သင်္ကြန်တွင်း အထူးရထားပြေးဆွဲတာကို ပြီးခဲ့တဲ့နှစ်တွေကလည်း လုပ်ခဲ့ပေမယ့် နယ်ပြန်ကြတဲ့ သူတွေအတွက်တော့ အဆင်ပြေမှုမရှိသေးပါဘူး။ သင်္ကြန်ကာလရုံးပိတ်ရက် နည်းတာကတစ်ကြောင်း ၊ လက်မှတ်တွေဝယ်ယူရမှာ အခက်အခဲဖြစ်တာကတစ်ကြောင်း ၊ လက်မှတ် ဈေးနှုန်း ကြီးမြင့်မှုရှိတာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ပုံမှန်လက်မှတ်ဈေးနှုန်းနဲ့ ကားလက်မှတ်တွေဝယ်ယူခွင့်ရရှိဖို့ အထူးပြေးသလို အဝေးပြေးကားလိုင်းတွေအနေနဲ့လည်း ပုံမှန်ခရီးစဉ်ထက်  ပိုမိုပြေးဆွဲပေးဖို့လိုအပ်နေတယ်လို့ ခရီးသွားပြည်သူတွေက ပြောဆိုပါတယ်။

#voiceofmyanmar#သင်္ကြန် #အထူးရထား

Related posts

Leave a Comment

VOM News

FREE
VIEW