ချင်းပြည်နယ်မှာ ရင်းနှီးမြှုပ်နှံသူတွေကို ဝင်ငွေခွန်ကင်းလွတ်ခွင့်အပြင် မြေငှားရမ်းခွင့်ပါအကန့်အသတ်မရှိခွင့်ပြုမယ်

ရန်ကုန် ၊မတ် ၁၈

TGH (VOM)

ချင်းပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ်ဆိုပါက အဲဒီလုပ်ငန်းရှင်တွေအတွက်ကို ဝင်ငွေခွန်ကင်းလွတ်ခွင့်အပြင်  မြေငှားရမ်းခွင့်ကိုပါ အကန့်အသတ်မရှိ ခွင့်ပြုပေးမယ်လို့  ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှူးဦးစီးဌာနကနေ သိရပါတယ်။

“ချင်းပြည်နယ်က အလားအလာကောင်းတွေအများကြီးရှိပေမယ့်  ရင်းနှီးမြှုပ်နှံမှုဝင်တာ နည်းသေးတယ်။ သေသေချာချာ ဘယ်သူမှ သိပ်မသိကြဘူး။ အဲ့ဒီမှာ ခရီးသွားကဏ္ဍဆိုရင် အများကြီး ဖွံ့ဖြိုးတိုးတက်ဖို့ရှိတယ်။ဒါကြောင့် ဒီချင်းပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးနဲ့မွေးမြူရေး၊ ရေအားလျှပ်စစ်တွေ ရှိတယ်။ အဲဒီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အဓိကဖိတ်ခေါ်ထားတယ်။ ရင်းနှီးမြှုပ်နှံသူတွေ လာဖို့အတွက် အများကြီးလုပ်ရတယ်။ ဝင်ငွေခွန်တွေ ကင်းလွတ်ခွင့်ပေးထားတယ်။ အခွန်သက်သာခွင့်ပေါ့။ မြေငှားရမ်းခွင့်ဆိုရင် နိုင်ငံခြားသားကို နှစ် (၅၀) ပြီးတော့မှ သက်တမ်းတိုးပေးတယ်။ တစ်ခါတိုးရင် ၁၀ နှစ် နှစ်ကြိမ်တိုးပေးတယ်။ ဒါကျတော့နှစ် ၇၀ ထက်ပိုတယ်။ ၈၀ လည်းဖြစ်နိုင်သလို ၉၀ လည်းဖြစ်နိုင်တယ်”လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှူး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ဦးအောင်နိုင်ဦးက ပြောပါတယ်။

 

ချင်းပြည်နယ်ဟာ ဖွံဖြိုးမှုနောက်ကျတဲ့ပြည်နယ်ဖြစ်ရတဲ့ အဓိကအကြောင်းအရာတွေထဲမှာ အားနည်းချက်က လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုဖြစ်ပြီး ဒီလိုလမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနောက်ဆက်တွဲရလဒ်အနေနဲ့ဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ပြည်တွင်းလုပ်ငန်းရှင် ရင်းနှီးမြှုပ်နှံတာတွေ ဝင်ရောက်မှု နည်းနေတာဖြစ်တယ်လို့သိရပါတယ်။

“အသေးစား၊ အလတ်စား၊ အကြီးစား သတ္တုစက်မှုလုပ်ငန်းတွေမှာ လာရောက်ရင်နှီးမြှုပ်နှံရင် လူငယ်လူရွယ်နဲ့ အလုပ်လုပ်နိုင်တဲ့ လူငယ်များ လူ့အစွမ်းအားအရင်းမြစ်တွေ ဖွံ့ဖြိုးလာပြီးတော့ အလုပ်အကိုင်လည်း ရရှိမယ်။ချင်းပြည်နယ်မှာ များသောအားဖြင့်တော့  အလုပ်အကိုင်မရကြလို့ လူငယ်လူရွယ်တွေ အပါအဝင် အလုပ်လုပ်နိုင်တဲ့ လူငယ်တွေဟာ ပြည်နယ်အတွင်း နေထိုင်ခြင်း မပြုတော့ပဲနဲ့ နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ သွားရောက်ပြီးတော့ အလုပ်တွေ လုပ်ကိုင်နေကြပါတယ် ” ချင်းပြည်နယ်ဝန်ကြီးချုပ်  ဦးဆလိုင်းလျန်လွယ်က ပြောပါတယ်။

ချင်းတိုင်းရင်းသားအများစုမှာ ပြည်နယ်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေတဲ့အတွက် အာရှနိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ တရုတ်၊ မလေးရှား၊ စင်ကာပူ၊ သြစတြေးလျ၊ အမေရိကန်နိုင်ငံတို့မှာအများဆုံး  သွားရောက်အလုပ်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

#voiceofmyanmr #ချင်းပြည်နယ် #အလုပ်အကိုင်အခွင့်အလမ်း #အခွန်ကင်းလွတ်ခွင့်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW