လက်နက်ကြီးကျရောက်လို့ မြောက်ဦးမြို့မှာ နေအိမ်တစ်လုံးမီးလောင်ပြီး ဒေသခံအများအပြားဒဏ်ရာရရှိ

မြောက်ဦး၊ မတ် ၁၉-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့ညက တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရွာဟောင်းတော ကျေးရွာမှာ နေအိမ်တစ်လုံးမီးလောင်ကျွမ်းသွားခဲ့ပြီး ဒေသခံ ၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အဲ့ဒီပစ်ခတ်မှုမှာ မြောက်ဦးမြို့ အရှေ့ဘက် နှစ်မိုင်ခန့်အကွာမှာရှိတဲ့ ရွာဟောင်းကျေးရွာက ကလေးငယ်နှစ်ဦးအပါအဝင် ရွာသား ၆ ဦးနဲ့ မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ အလယ်ဈေးရပ်ကွက်က အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“စစ်တပ်ကပစ်နေတာတော့ တစ်နေ့ကစပြီး ကျွန်တော်တို့ရွာနားမှာ ပစ်ခတ်မှုတွေလုပ်နေပါတယ်။ ဘယ်တပ်ကပစ်တယ်ဆိုတာတော့မသိဘူး။ ရွာရဲ့တောင်ဘက်ကနေပစ်ခတ်နေတာပါ။ မနေ့ကည ၉ နာရီလောက်မှာ လက်နက်ကြီးကျည်တစ်လုံးရွာထဲကိုကျတယ်။ အိမ်တစ်ဆောင်မီးလောင်သွားတယ်။ ရွာသားတွေ ဒဏ်ရာရကြပါတယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

ဒဏ်ရာရရှိသူတွေကို ဆေးကုသပေးနေစဉ်

အဲ့ဒီပစ်ခတ်မှုဟာ မနေ့ကညနေပိုင်းမှာ မြောက်ဦးမြို့ရဲ့မြောက် ကျောက်ရာဇ်ကေရပ်ကွက်ကို တပ်မတော်က ကားလေးစီးနဲ့ ဝင်ရောက်လာခဲ့ပြီး စတင်ပစ်ခတ်ခဲ့ကြတာဖြစ်ပြီးတော့ ည ၉ နာရီလောက်မှာ ရွာဟောင်းတောကျေးရွာကို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာဖြစ်ပါတယ်။

“ဒဏ်ရာရတာကတော့ ရွာဟောင်းတောရွာက ၆ ဦး အလယ်ဈေးရပ်ကွက်က ၁ ဦးပါ။ ဒါက ကျွန်တော်တို့ ဆေးရုံမှာ ဆေးကုသမှုတွေ ပြုလုပ်ခဲ့ရတဲ့လူတွေဖြစ်ပါတယ်။ အဲ့ဒီထဲမှာ ကလေး နှစ်ယောက်ပါတယ်။ ဒဏ်ရာပြင်းထန်တာကတော့ အလယ်ဈေးရပ်ကွက်က အမျိုးသမီးနဲ့ ရွာဟောင်းတောက အမျိုးသာားတစ်ယောက် ဒဏ်ရာပြင်းထန်ပါတယ်။”လို့ လိုက်ပါကူညီပေးခဲ့သူတစ်ဦးကပြောပါတယ်။

အခုရက်ပိုင်းအတွင်း AA တပ်ဖွဲ့နဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေမဖြစ်ပွားပေမယ့် အစိုးရတပ်မတော်ဘက်ကနေ ပစ်ခတ်မှုတွေပြုလုပ်နေတာကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့အနီးဝန်းကျင်က ကျေးရွာတွေကို လက်နက်ကြီးကျည်တွေကျရောက်ပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

#voiceofmyanmar #ရခိုင်ပြည်နယ် #မြောက်ဦး #လက်နက်ကြီး #AA

Related posts

Leave a Comment

VOM News

FREE
VIEW