စည်တောင်ကျေးရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ခံရတဲ့အတွက် ကျေးရွာအများအပြားက ဒေသခံတွေထွက်ပြေး

ဘူးသီးတောင်၊ မတ် ၂၂-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ မနေ့ညနေပိုင်းဖြစ်ပွားခဲ့တဲ့ စည်တောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့အတွက် ကျေးရွာသား ၇ ဦးအထိသေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာရရှိခဲ့တဲ့အတွက် အနီးအနားမှာ ရှိတဲ့ကျေးရွာတွေက ဒေသခံတွေ ဒီကနေ့နေ့လယ်ပိုင်းမှာ ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။

 

 

ထွက်ပြေးခဲ့ကြတဲ့ ကျေးရွာသားတွေဟာ လက်နက်ကြီးနဲ့ပစ်ခတ်ခံလိုက်ရတဲ့ စည်တောင်ကျေးရွာအပါအဝင် ကံပြင်၊ ရေကောင်းချောင်း၊ သပြေဆိပ်၊ စပါးထား၊ ကွမ်းတောင်၊ စံဂိုးထောင်၊ ရေစိုးချောင်း၊ ခရုချောင်း စတဲ့ရွာတွေဖြစ်ကြပြီး ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာနဲ့ ရသေ့တောင်မြို့နယ် ဈီးခေါင်းကျေးရွာတွေမှာ လာရောက်ခိုလှုံနေကြတာ ဖြစ်ပါတယ်။

 

“ဒီကနေ့ နေ့လည်ပိုင်းလောက်မှာ စပြီးတော့ ကျွန်တော်တို့ရွာကို စည်တောင်ရွာသားတွေရောက်လာကြပါတယ်။ ပြီးတော့ ကျန်တဲ့ရွာတွေမှာလည်း ဆက်မနေရဲတဲ့အတွက် ကြောက်ရွံ့ပြီးတော့ ထွက်ပြေးလာခဲ့ကြတာလို့ ပြောပါတယ်။ လောလော ဆယ်မှာတော့ ၈ ရွာက လူဦးရေ ၉၀၀ နီးပါးရောက်ရှိနေတာဖြစ်ပါတယ်။”လို့ စေတီတောင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

 

ထွက်ပြေးလာခဲ့ကြသူတွေဟာ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာမှာ ၉၀၀ နီးပါးနဲ့ ရသေ့တောင်မြို့နယ်အတွင်း က ဈီးခေါင်းကျေးရွာမှာ လူဦးရေ ၂၀၀ ကျော်ရှိနေပြီး အဲ့ဒီလူတွေဟာ ကျေးရွာတွေကိုလက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်နေတဲ့အတွက် အသက်အန္တရာယ်ကျရောက်မှာကို စိုးရိမ်ကြောက်လန့်ပြီးတော့ ထွက်ပြေးနေကြရတာ ဖြစ်တယ်လို့ ထွက်ပြေးလာခဲ့သူတစ်ဦးကဆိုပါတယ်။

 

“ကျွန်တော်တို့က ရွာကိုလက်နက်ကြီးတွေနဲ့ အခုလိုပစ်ခတ်မှုတွေ ပြုလုပ်တာခံနေရတော့ ရွာမှာမနေရဲတော့ဘူး။ မနေ့က လည်း တစ်ညလုံးညမအိမ်ခဲ့ရဘူး။ ရွာသားတွေလည်း သေကြတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ နောက်ထပ်ဖြစ်လာမှာကိုလည်း စိုးရိမ်တယ်။ ဒါကြောင့်ထွက်ပြေးလာကြတာပါ။”လို့ ထွက်ပြေးလာခဲ့သူတစ်ဦးကပြောပါတယ်။

 

အခုလအတွင်း စစ်ပွဲဖြစ်ပွားတာတွေမရှိပေမယ့် မြောက်ဦး၊ မင်းပြားနဲ့ ရသေ့တောင်မြို့နယ်တွေမှာ အခုလိုမျိုး ကျေးရွာတွေကို ပစ်ခတ်မှုတွေပြုလုပ်လာနေတဲ့အတွက် ဒေသခံတွေထိခိုက်သေဆုံးမှုတွေရှိနေပြီး အများအပြား ထွက်ပြေးနေကြရတာလည်းဖြစ်ပါတယ်။

 

အစိုးရတပ်နဲ့ အေအေ ရခိုင့်တပ်မတော်တို့ဟာ နယ်စပ်တွေမှာ တိုက်ပွဲငယ်တွေမကြာခဏဖြစ်နေပြီး ခုနောက်ပိုင်း လူနေထူထပ်တဲ့နေရာတွေမှာပါ လက်နက်ကြီးတွေနဲ့  ဘယ်ကပစ်မှန်းမသိပစ်တာတွေကြောင့် ဒေသခံတွေဟာ ကိုယ့်အိမ်ကို မနေရဲတော့ပဲ တိမ်းရှောင်လိုက် ပြန်လာကြည့်လိုက်လုပ်နေရတာကြောင့် ပုံမှန်လုပ်ငန်းခွင်တွေလည်း မဝင်နိုင်လို့ စီးပွားရေးပါ ကြပ်တည်းလာနေကြတာကို တွေ့နေရပါတယ်။

 

#voiceofmyanmar #ဘူးသီးတောင် #ရသေ့တောင် #မင်းပြား #လက်နက်ကြီးနဲ့ပစ်

Related posts

Leave a Comment

VOM News

FREE
VIEW