ရွှေတိဂုံ ဘုရားကို ကပ်လှူရတဲ့ရွှေဈေးတက်မယ်

 

ရန်ကုန် ၊ မတ် ၂၂

TGH(VOM)

ရွှေတစ်ကျပ်သားလှူတိုင်း ရွှေသင်္ကန်းအတွက်အလှူခံရတဲ့ငွေထဲကနေ စိုက်ထုတ်ရတာများလာတဲ့အတွက် ရွှေတစ်ကျပ်သားကို ၈၁၀၀၀၀ ကနေ  ၁၀၀၀၀၀၀ အဖြစ်ပြောင်းလဲတိုးမြှင့်ကောက်ခံတော့မယ်လို့ ရွှေတိဂုံ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ပြောပါတယ်။

“ခုလက်ရှိရွှေဈေးနှုန်းကလည်းသိနေတာပဲ။ ဒါကြောင့်  ခုရွှေဈေးနဲ့ မတိမ်းမယိမ်းပဲ ပြောင်းလဲသတ်မှတ်လိုက်တာပါ။ မေလ ၁ ရက်မှာစမယ်။ဒီကြားထဲကတော့ဒီဈေးနှုန်းပါပဲ။ တခြား ဘုရားတွေလည်း ဒီလို ရွှေဈေးနှုန်းနဲ့ မတိမ်းမယိမ်းကောက်ခံတာတွေရှိပါတယ်။”လို့ ဂေါပကအဖွဲ့ ရဲ့ ရွှေမျက်ပါးသင်္ကန်းတော်ဆက်ကပ်လှူဒါန်းရေးဆပ်ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဌေးက ပြောပါတယ်။

အလှူရှင်တွေအဆင်ပြေဖို့အတွက် ရွှေတိဂုံဘုရားကို ရွှေသင်္ကန်း တစ်ကျပ်သားကပ်လှူတိုင်း  ပြင်ပပေါက်ဈေးအတိုင်းမကောက်ခံခဲ့ပဲ ၂၀၁၇ အရှေ့ပိုင်းမှာဆိုရင် ရွှေတစ်ကျပ်သားကို ၆ သိန်းကျပ် သတ်မှတ်ခဲ့ပြီး ၂၀၁၇ ဇန်န၀ါရီ ၁ နေ့မှာ ရွှေတစ်ကျပ်သားကို ၈၁၀၀၀၀ ပြောင်းလဲတိုးမြှင့်ခဲ့ပါတယ်။အခု တတိယအကြိမ်ပြောင်းလဲမှုကိုတော့ လာမယ့် မေလ ၁ ရက်နေ့ကနေစတင်ပြီး ပြောင်းလဲတိုးမြှင့်ကောက်ခံသွား မယ်လို့ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

“ ရွှေတိဂုံဘုရားလောက် ဘဏ္ဍာငွေများတာ ကို။ အပြင်ဈေးနဲ့ မတိမ်းမယိမ်းဆိုမှတော့ ကိုယ့်ဘာသာ အပြင်ကနေ ၁၆ ပဲရည်အပြည့်ရွှေကို လှူမယ်လေ။ သူတို့လှူမယ့်ရွှေက တကယ်ရော ရွှေပါဝင်မှုပြည့်လား မသိရဘူး။”လို့ ရန်ကုန်မြို့နေ ဒေါ်ဝေနှင်းက ဝေဖန်ပါတယ်။

လက်ရှိ ပြင်ပ ရွှေဈေးနှုန်းမှာ ၁၆ ပဲရည် ရွှေတစ်ကျပ်သားကို မြန်မာကျပ်ငွေ ၁၀ သိန်းကျော်ရှိနေသဖြင့် ဘုရားကို ရွှေတစ်ကျပ်သားကပ်လှူတိုင်း အလှူရှင်ဆီက ၈သိန်း၁၀၀၀၀ သာရရှိပြီး လိုအပ်တဲ့ငွေပမာဏကို ရွှေသင်္ကန်းတော်အလှူခံရငွေထဲကနေ  စိုက်ယူထုတ်သုံးစွဲရတဲ့ပမာဏများခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ခုလို ပြင်ကကာလပေါက်ဈေးနဲ့ အလှူခံနှုန်းထားကွာခြားမှုရှိရင် ငွေပမာဏတိုးမြှင့်အလှူခံတဲ့အစဉ်အလာရှိတယ်လို့လည်းသိရပါတယ်။

ရွှေတိဂုံဘုရားကို ပုံမှန်ဆိုရင် ငါးနှစ်တစ်ကြိမ်ရွှေသင်္ကန်းကပ်တာဖြစ်ပြီး လက်ရှိမှာလည်း လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနေတဲ့ကာလဖြစ်ပါတယ်။ရွှေပါဝင်မှုအနေနဲ့ဆိုရင် ၉၉.၉၇ ရာခိုင်နှုန်းရှိတယ်လို့ ဂေါပကအဖွဲ့က မီဒီယာတွေနဲ့တွေ့ဆုံစဉ်ပြောဆိုမှုရှိခဲ့ပါတယ်။နောက်ပိုင်းမှာတော့ ဂေါပကအဖွဲ့ကနေ ရွှေစင်ရွှေပြားစက်ရုံထောင်ပြီးလည်ပတ်နေတဲ့ စက်ရုံကနေ ထွက်လာမယ့် အရည်အသွေးပြည့်တဲ့ရွှေပြားတွေကိုကပ်လှူသွားမယ်လို့သိရပါတယ်။

#voiceofmyanmar #ရွှေတိဂုံ #ရွှေသင်္ကန်း

 

့

Related posts

Leave a Comment

VOM News

FREE
VIEW