နှုတ်​ထွက်​ထားတဲ့ အုပ်​ချုပ်​ရေးမှူး ၉၈ ဦးအနက်​ ၇၀ ခန့်​အလုပ်​ပြန်​ဝင်

မြောက်​ဦး၊ မတ်​ ၂၃-၂၀၁၉

ခိုင်​လင်းစံ(VOM)

 

ရခိုင်​ပြည်​နယ်​မြောက်​ဦးမြို့နယ်​အတွင်းက အုပ်​ချုပ်​ရေးမှူး ၄ ဦးကို ၁၇ (၁) နဲလဖမ်းဆီးလိုက်​တဲ့အတွက်​ လုံခြုံမှုမရှိဘူးဆိုပြီး အုပ်​ချုပ်​ရေးမှူး ၉၈ ဦးတို့က ဖေဖော်​ရီ ၂ ရက်​နေ့နဲ့ ၄ ရက်​နေ့တွေမှာ  နှုတ်​ထွက်​ခဲ့ကြတာဖြစ်​ပါတယ်​။

 

အဲ့ဒီ ၉၈ ဦးထဲက ၇၀ လောက်​ဟာ ဒီကနေ့မှာ ရပ်​/ကျေးအုပ်​ချုပ်​ရေးမှူးတာဝန်​တွေကို ပြန်​လည်​လက်​ခံလိုက်​ကြတာဖြစ်​တယ်​လို့ သံရှင်​ပြင်​ကျေးရွာအုပ်​ချုပ်​ရေးမှူး ဦးခင်​မောင်​ဆန်းကပြောပါတယ်​။

“ကျွန်​တော်​ နှုတ်​ထွက်​ထားတဲ့အထဲက ၇၀ လောက်​ဟာ ဒီနေ့ပဲ အလုပ်​ပြန်​လုပ်​ဖို့ လက်​ခံလိုက်​ကြတာပါ။ ကျန်​တဲ့သူတွေကတော့ လက်​မခံဘူး။ ခရိုင်​ကနေ့တိုင်းဖုန်းဆက်​တယ်​။ တစ်​ယောက်​ချင်းစီကို ဆက်​ပြီးတော့ပြောတယ်​။ ကျွန်​တော်​တို့ကိုတော့မပြောဘူး။ တချို့ကလဲ ဖမ်းဆီးခံနေရတဲ့ လေးယောက်​ပြန်​လွတ်​ဖို့အတွက်​ထွက်​တာဆိုပြီးတော့ သဘောထားကွဲလွဲတာတွေလည်းရှိတာပေါ့”လို့ ဦးခင်​မောင်​ဆန်းကပြောပါတယ်​။

 

နှုတ်​ထွက်​ထားတဲ့ အုပ်​ချုပ်​ရေးမှူး ၉၈ ဦးတို့ကို အလုပ်​ပြန်​လည်​ဝင်​ရောက်​ပြီးတော့ မူလတာဝန်​ကိုထမ်းဆောင်​ကြဖို့အတွက်​ ပြည်​နယ်​ ထွေ/အုပ်​က ပြောထားတဲ့အပေါ်မှာ လိုအပ်​တဲ့အချက်​အချက်​ ကတိကဝတ်​တွေကို တောင်းဆိုမှုတွေပြုလုပ်​ပြီး သဘောတူညီချက်​ရရှိတဲ့အခါမှ ပြန်​လည်​လက်​ခံဖို့ဆုံးဖြတ်​ထားကြပေမယ့် တောင်းဆိုမှုတွေပြုလုပ်​ဖို့ ပြင်​ဆင်​နေတဲ့အချိန်​မှာ အခုလိုလက်​ခံလိုက်​ကြတာဖြစ်​ပါတယ်​။

“ကျွန်​တော်​တို့ကတော့ တချို့အချက်​တွေကိုတောင်းဆိုမယ်​။ ဒါတွေကိုသဘောတူမှ ပြန်​လက်​ခံမယ်​လို့ လုပ်​နေတာ။ အခုကရည်​ရွယ်​ချက်​တွေ ပျက်​သွားတယ်​။ ဘာသဘောနဲ့ လက်​ခံလိုက်​တယ်​ဆိုတာ ကျွန်​တော်​လည်းမသိဘူး။ ဖိအားတွေတော့ရှိတာပေါ့။ ပြီးတော့ ဒီနေ့နောက်​ဆုံးဆိုပြီးပြည်​နယ်​က စာထုတ်​တယ်​လို့ပြောတယ်​။ ဘာဖြစ်​မယ်​ ညာဖြစ်​မယ်​ပေါ့။ အဲ့ဒါလည်းပါပါတယ်​”လို့ ဦးခင်​မောင်​ဆန်းကပြောပါတယ်​။

ဒါ့အပြင်​ ကျန်​ရှိတဲ့ အုပ်​ချုပ်​ရေးမှူးတွေကတော့ လောလောဆယ်​မှာ အုပ်​ချုပ်​ရေးမှူးတာဝန်​ကို ပြန်​လည်​လက်​ခံဖို့ အစီအစဉ်​မရှိသေးဘူးလို့ဆိုပါတယ်​။

 

#voiceofmyanmar #ရခိုင်သတင်း #အုပ်ချုပ်ရေးမှူး

Related posts

Leave a Comment

VOM News

FREE
VIEW