မှတ်ပုံတင်တစ်ခုကို ဖုန်း SIM Card နှစ်ခုသာကိုင်ခွင့်ပြုမယ်

ရန်ကုန် ၊မတ် ၂၃

TGH ( VOM)

 

မှတ်ပုံတင်တစ်ခုထဲနဲ့  ဖုန်းSIM Card ၂ ခုထက်ပိုကိုင်လို့မရတဲ့ စနစ်ကို လာမယ့် ဧပြီလ တစ်ရက်နေ့မှာ စတင်ဆောင်ရွက်သွားမယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ကထုတ်ပြန်ကြေငြာလိုက်ပါတယ်။

 

တကယ်လို့ SIM Card နှစ်ခုထက်ပိုပြီး မှတ်ပုံတင်ထားရင် SIM Card အသစ်ကိုပိတ်သိမ်းသွားမှာဖြစ်ကြောင်းနဲ့ SIM Card  စနစ်တကျမှတ်ပုံတင်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ပေးဖို့လည်း ပြောဆိုထားပါတယ်။

 

” အော်ပရေတာတွေကိုထိန်းချုပ်ရမှာ။ခုဆိုဆိုင်မှာသွားဝယ်ရင် ကဒ်တွေကမှတ်ပုံတင်ပြီးသားတွေပဲရောင်းတယ်။ကဒ်လဲပြောင်းရော ပြဿနာတက်တာပဲ။ဘာလုပ်ရမှန်းမသိ၊ဘယ်ဆိုင်ဝယ်ဝယ် ကဒ်တွေကမှတ်ပုံတင်ပြီးသားတွေ၊ခုဆိုကျမ ကဒ်ပျောက်တယ် အော်ရီဒူး ကိုဆက်မေးတော့ ကျမကဒ်က ကျမနာမည်နဲ့မဟုတ်ဘူး။ပြန်လျှောက်ဖို့ ဇယားရှုပ်နေတယ် ။ပြဿနာဖြစ်ရင်တောင် ဘယ်လိုရှင်းမလဲ ။ဈေးကွက်မှာက ဆင်းကဒ်တစ်ခု ၂၀၀ ၊၃၀၀ တောင်ဖြစ်နေတာ”လို့ ရန်ကုန်မြို့နေ မသိင်္ဂီက ပြောပါတယ်။

 

လက်ရှိမှာ   နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုတည်းနဲ့ SIM Card အများအပြား ကို မှတ်ပုံတင်ပြီး တစ်ဆင့်ပြန်လည်ရောင်းချနေတာရှိသလို  မိမိတို့ရဲ့နာမည်နဲ့ မှတ်ပုံတင်မထားတဲ့ ဆင်းကဒ်တွေကို  အလွယ်တကူဝယ်ယူသုံးစွဲနေတာတွေရှိနေပါတယ်။ဒါတွေနဲ့ပတ်သက်လို့  နိုင်ငံတော်အစိုးရက မိုဘိုင်းဖုန်းအသုံးပြုခြင်းနဲ့စပ်လျဉ်းပြီး အများပြည်သူလုံခြုံရေးကို  အကာအကွယ် ပေးဖို့ ဆောင်ရွက်ရာမှာ  အခက်အခဲ ဖြစ်ပေါ်မှုရှိနေတယ်လို့သိရပါတယ်။

 

SIM Card မှတ်ပုံတင်မယ်ဆိုရင်   အမည်၊   နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်ဒါမှမဟုတ် ကျောင်းသားကဒ်၊ယာဉ်မောင်းလိုင်စင်ကဒ်၊ Passport No. (နိုင်ငံခြားသား)နဲ့ ပြုလုပ်ရမှာဖြစ်ပါတယ်။

 

SIM Card မှတ်ပုံတင်လုပ်ငန်းကို ၂၀၁၆ ခုနှစ် သြဂုတ်လကနေစတင်ခဲ့တာဖြစ်ပြီး အဓိကရည်ရွယ်ချက်က SIM Card ပျက်စီး/ ပျောက်ဆုံးမှုဖြစ်တဲ့အခါ အလွယ်တကူ ပြန်လည်ရရှိသုံးစွဲနိုင်ဖို့နဲ့ SIM Card ကို စနစ်တကျမှတ်ပုံတင် သုံးစွဲဖိုအများပြည်သူဆီကို  အသိပေးကြေညာခဲ့တာဖြစ်ပါတယ်။

 

#voiceofmyanmar #SIMcard #အော်ပရေတာ #ဖုန်း

Related posts

Leave a Comment

VOM News

FREE
VIEW